ICJ အနေနဲ့ အမှန်တိုင်းဆောင်ရွက်ဖို့ မျှော်လင့်ထားကြောင်း စစ်ကောင်စီပြော

2022.07.23
ICJ အနေနဲ့ အမှန်တိုင်းဆောင်ရွက်ဖို့ မျှော်လင့်ထားကြောင်း စစ်ကောင်စီပြော ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ICJ တရားရုံးမှာ တွေ့ရစဉ်
Photo: ICJ

နိုင်ငံတကာတရားရုံး (ICJ) က မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက်ကို ပယ်ချလိုက် ပေမယ့် ICJ အနေနဲ့ အမှန်တိုင်း ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ ရက် ဒီနေ့မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

"ICJ အနေနဲ့လည်း နိုင်ငံတကာ တရားဥပဒေကို အဓိကကိုင်တွယ်ရတဲ့ အဖွဲ့အစည်း ဖြစ်တာနဲ့အညီ နိုင်ငံတကာ တရားဥပဒေမှာ မှန်ကန်တဲ့မှတ်ကျောက် တင်နိုင်လိမ့်မယ် လို့ ကျနော်တို့ ဆက်လက်မျှော်လင့်ထားခြင်း ဖြစ်ပါတယ်"

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဝေးကွာပြီး ဒီဖြစ်ရပ်က သူ့နိုင်ငံအကျိုးစီးပွားကိုလည်း ထိခိုက်တာမရှိဘဲ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံတကာ ဥပဒေတွေဟာ အရင်ကရှိခဲ့တဲ့ စီရင်ထုံး၊ အစဉ်အလာ၊ ဥပဒေပညာရှင်တွေရဲ့ အဆိုအမိန့်တွေကို အခြေခံထားတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာဟာ နိုင်ငံတကာမှာ စီရင်ထုံးဖြစ်သွားတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ပင်မအဖွဲ့အစည်း ခြောက်ဖွဲ့ထဲက ICJ အနေနဲ့ မြန်မာ ကိုယ်စားလှယ်တွေကို လက်ခံဆောင်ရွက်တာဟာ နိုင်ငံတကာတရားဥပဒေအရ စစ်ကောင်စီ အစိုးရရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မြန်မာကတင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်ချက် လေးချက်စလုံးကို ဇူလိုင် ၂၂ ရက်မနေ့ကပဲ ICJ က ပယ်ချလိုက်တာဖြစ်လို့ အမှုကို ဆက်လက်ကြားနာ စစ်ဆေးဖို့ရှိနေပါတယ်။

ICJ ရဲ့ ဒီဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကြိုဆိုလိုက်တဲ့အကြောင်း တူရကီ AA သတင်းက ဒီနေ့ဖော်ပြထားပါတယ်။

အလားတူ ဂမ်ဘီယာနိုင်ငံ တရားရေးဌာနကလည်း ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေ အတွက် တရားမျှတမှုရဖို့ အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ လူမှုကွန်ရက်တွစ်တာမှာ မနေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။