ထန်တလန်မီးရှို့မှု ခိုင်လုံတဲ့သက်သေအထောက်အထားရှိရင် ထုတ်ပြဖို့ စစ်ကောင်စီ တုံ့ပြန်

ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်မှုမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့တဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားရှိရင် ထုတ်ပြဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ဒီကနေ့ ပြောပါတယ်။
ထန်တလန် မီးလောင်မှုဟာ စစ်ကောင်စီတပ်သား မီးရှို့ခဲ့တာဖြစ်တဲ့အကြောင်း ဒေသခံ မျက်မြင်သက်သေ တစ်ဦးက RFA ကို ပြောဆိုတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာ အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
“အဲဒီမြို့ပေါ်မှာ လူတွေရှိ၊ မရှိကတော့ သူတို့ အသိဆုံးပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်အနေနဲ့က မြို့ထဲမှာလည်း မရှိဘူး၊ သူ့ရဲ့ လုံခြုံရေးစခန်းတွေမှာပဲရှိတယ်။ အဲမှာ မြို့မိ၊ မြို့ဖတွေ ကျန်ပါတယ်။ သူတို့က ပိုသိပါတယ်။ အဲမှာနေတဲ့ လူက ရှားပါတယ်။ မိသားစုတစ်စု ဆိုတာက ထုတ်ပြောပါ။ တကယ် မြင်ခဲ့တယ်ဆိုရင် သက်သေအထောက်အထားနဲ့ ထုတ်ပြပါလို့ ပြောချင်ပါတယ်”
အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်အဖွဲ့ CDF တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်သား လေးဦးက လာရောက်ပြီး နေရာ ငါးနေရာလောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေ မြို့ခံတစ်ဦး RFA ကို ပြောပါတယ်။
“ကျွန်တော့် အမေနဲ့ အမေရဲ့ သူငယ်ချင်း တစ်ယောက်ရယ်၊ ကျွန်တော်ရယ် သုံးယောက် ကျန်ခဲ့တာ။ ကျွန်တော်က ယောက်ျားလေးဆိုတော့ စစ်တပ်က လာဖမ်းမှာ ကြောက်တယ်။ အဲဒါကြောင့် ကျွန်တော်က အိမ်အောက်မှာ ပုန်းနေတယ်။ မနက်ပိုင်းမှာ လက်နက်ကြီးသံတွေကြားရလို့ ပုန်းနေတာ။ နည်းနည်း အောက်ဘက်မှာ အရင်မီးလောင်ပြီးမှ တစ်နာရီ၊ နှစ်နာရီလောက်အကြာမှာ သူတို့ အဲဒီသေနတ်သံတွေ၊ ဗုံးသံတွေ မကြားရတော့တဲ့ခါ သူတို့ တိုက်ပွဲမရှိတော့ဘူးလား စုံစမ်းဖို့ နည်းနည်းအပြင်ထွက်ကြည့်တာ။ ကျွန်တော် အိမ်အပြင်မှာ စကားသံကြားတော့ ကျွန်တော်ပုန်းပြီး ဒီမှာဘယ်သူလာလဲ ကြည့်တော့ စစ်သား လေးယောက် လာတယ်။ ဆိုင်ကယ်နဲ့ လာတယ်။ တခြားနေရာသွားပြီးတော့ သူတို့က တမင်သက်သက်နဲ့ အိမ်တွေကို မီးရှို့လိုက်တယ်။ ပြီးတော့ နောက်နှစ်ယောက်က ကျွန်တော် အိမ်ရှေ့ကလမ်း တစ်ဘက်မှာ အဲဒီနှစ်ယောက်က အိမ်တွေကို မီးထပ်ရှို့တယ်။ သေချာ မီးလောင်လား၊ မလောင်ဘူးလားဆိုတာ ပြန်ကြည့် နေသေးတယ်။ သူတို့က ငါးနေရာမှာ မီးရှို့ပြီးတော့ သူတို့ စခန်းရှိတဲ့ အပေါ်ဘက်ကို ပြန်တက်သွားတယ်”
ချင်းဒေသကာကွယ်ရေး ထန်တလန် CDF အဖွဲ့ကလည်း စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေဗီဒီယိုဖိုင်ရှိကြောင်း ပြောပါတယ်။
ထန်တလန်မြို့က နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာကို မြင်တွေ့တဲ့ လူမျက်မြင်သက်သေ ရှိတဲ့အပြင် ခိုင်လုံတဲ့သက်သေ ဗီဒီယိုဖိုင်လည်းရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာ အရေးယူမှုနဲ့ပတ်သက်လို့ ယုံကြည်မှု မရှိတာကြောင့် နိုင်ငံတကာအထိ သက်သေထွက် ဆိုမယ်ဆိုရင် ထုတ်ပြဖို့ အဆင်သင့်ရှိကြောင်း ထန်တလန် CDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပါတယ်။
“စစ်သား နှစ်ယောက်က အိမ်တစ်အိမ်ကိုဝင်တယ်။ သူတို့ပြန်ထွက်လာတာ မကြာဘူး။ အဲဒီအိမ်က မီးလောင်ပြီး မီးခိုးတွေ ထွက်လာတယ်။ အဲဒီသက်သေ ဗီဒီယိုဖိုင်လည်းရှိတယ်။ သူတို့မီးရှို့တာကို တွေ့တဲ့ ဒေသခံလည်းရှိတယ်။ ဒါတွေကို သက်သေအခိုင်အမာနဲ့ ထုတ်ပြလို့ရတယ်။ ထုတ်ပြလည်း သူတို့က ဘာမှလုပ်ပေးမှာ မဟုတ်ဘူး။ နိုင်ငံတကာအထိ သက်သေထွက်ဆိုဖို့ဆိုရင် ခိုင်လုံတဲ့ သက်သေပြချက်တွေ ရှိတယ်”
ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ချင်းဒေသကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ် ၁၆၄ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။
မီးရှို့မှု လက်သည်တရားခံဟာ စစ်ကောင်စီတပ်သားတွေဖြစ်ကြောင်း ဒေသခံတွေနဲ့ မျက်မြင်တွေက ပြောထားပေမယ့် စစ်ကောင်စီကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘဲ PDF တွေရဲ့ လုပ်ရပ်ဖြစ် တယ်ဆိုတာ အထောက်အထားတွေရှိကြောင်း ပြောဆိုထားပါတယ်။
လူဦးရေ တစ်သောင်းနီးပါးနေထိုင်တဲ့ ထန်တလန်မြို့မှာ အခုတော့ ဘယ်သူမှ မရှိတော့ဘဲ အားလုံး မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။