စစ်ကောင်စီတပ်တွေ မီးရှို့မှုကြောင့် ထန်တလန်မြို့မှာ အိမ် ၂ဝဝ ကျော်လောင်ကျွမ်းခဲ့

ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
2021.10.29
စစ်ကောင်စီတပ်တွေ မီးရှို့မှုကြောင့် ထန်တလန်မြို့မှာ အိမ် ၂ဝဝ ကျော်လောင်ကျွမ်းခဲ့ ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်နေစဥ်
Photo - Thantland CDF

ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက လူနေအိမ်တွေ ဘုရားကျောင်းတွေကို ဖျက်ဆီးဝင်ရောက်ကာ ပစ္စည်းတွေကို ဥပဒေမဲ့ ယူဆောင်ပြီး မီးရှို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက အဲဒီမြို့က အိမ်တွေကို ပထမအကြိမ် မီးရှို့ခဲ့စဉ်က အိမ်ခြေ ၁၈ လုံးနဲ့ ဟိုတယ်တစ်ခုမီးလောင်ပျက်စီးခဲ့ပါတယ်။ အခု ဒုတိယအကြိမ် မီးရှို့ခံရတာပါ။

မြို့နေလူထုကတော့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကို ထွက်ပြေးသွားခဲ့ပြီ ဖြစ်လို့ မြို့တစ်မြို့လုံးကို စစ်ကောင်စီက စိတ်တိုင်းကျ ဖျက်ဆီးလုယက်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က အဖြစ်အပျက်တခုမှာဆိုရင် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေကို အဓမ္မယူဆောင်နေစဉ်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force) က တားဆီးဖို့ ကြိုးစားရာကနေ စတင်တယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ် ချင်းလူမှုရေးအသင်း (Chin Association of Maryland) အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန် က RFA ကို ပြောပါတယ်။

“စက်တကင်ဘာ ၁၈ ရက်နေ့ကတည်းက မြို့ထဲမှာရှိတဲ့ လူတွေအကုန်လုံး ထွက်ပြေးသွားကြပြီ။ ဒီကနေ့ ည ၇ နာရီလောက်မှာ ထန်တလန်မှာရှိတဲ့ စစ်သား နှစ်ယောက်က အိမ်တစ်အိမ်ကိုဖောက်ပြီးတော့ ပစ္စည်း ယူတယ်။ CDF ကနေ စစ်သားတစ်ယောက်ကို ပစ်သတ်လိုက်တယ်။ အဲဒီ စစ်သားတွေကနေ အိမ်ကို မီးလောင်တဲ့လက်နက်နဲ့ ပစ်လိုက်တယ်၊ အဲဒီအပြင် တခြားနေရာမှာလည်း စစ်သားတွေက သွားပြီးအိမ် တွေကို မီးရှို့တယ်။ နောက်ဆုံးသတင်းရတာကတော့ အခုညသန်းခေါင်လောက် ညဉ့်နက်ပိုင်းအထိ အိမ် ၂ဝဝ ကျော် မီးလောင်သွားပြီ။ အခုလည်း လောင်နေတုန်းပဲ။ မီးသတ်လည်း မရှိတော့ဘူးလေ။ ထန်တလန် မှာ အိမ်က ၃ဝဝဝ ခန့်နဲ့ လူဦးရေ တစ်သောင်းလောက်ရှိပါတယ်”

ဗြိတိန်အခြေစိုက် ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ Save the Childrenက မနေ့က မီးလောင် တဲ့ အဆောက်အဦးတွေထဲမှာ သူတို့ရုံးတစ်ခုလည်း ပါဝင်ကြောင်းနဲ့ အဲဒီမြို့မှာရှိတဲ့ ကလေးသူငယ် ၂ဝ ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုမီးလောင်တဲ့ အဆောက်အဦးတွေထဲမှာ ခရစ်ယန်ဘုရားရှိခိုးကျောင်း နှစ်ခုလည်း ပါဝင်တယ်လို့ ဇိုသုန်းမှုန် က ပြောပါတယ်။

“ဒီဟာက ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ လုပ်တာဖြစ်တယ်၊ ထန်တလန်မှာ ဒီကနေ့ မီးလောင်သွားတဲ့အထဲမှာ COTR (Church On The Rock) ဘုရားကျောင်းနဲ့ Presbyterian Church ဘုရားကျောင်းတွေ ပါဝင်ပါတယ်။ COTR အသင်းတော်ရယ် Presbyterian Church အသင်းတော်ရယ်။ အဲဒီ ၂ လုံးကို သူတို့ ဒီကနေ့ မီးရှို့လိုက်တယ်။ စက်တင်ဘာ ၁၈ မှာ လောင်ချာပစ်လို့ ပျက်စီးသွားတဲ့ အသင်းတော်က Johnson Memorial Baptist Church လို့ခေါ်တယ် အဲဒါက ဖျက်ဆီးခဲ့တာဖြစ်တယ်။ မီးလောင်တာက ၂ လုံး၊ လောင်ချာနဲ့ပစ်တာက ၁ လုံး ပျက်စီးတာ အခု စုစုပေါင်း ၃ လုံးရှိသွားပြီ။ နောက်တခုက TABC လို့ခေါ်တဲ့ အဆောက်အအုံလည်း အခုမီးလောင်တဲ့ထဲမှာ ပါသွားတယ်”

CHRO ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း အရေးပေါ်ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ပြီး မီးလောင် တဲ့အထဲမှာ သူတို့ ရုံးခန်းလည်း ပါဝင်ကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ချင်းပြည်နယ်မှာ စစ် ကောင်စီတပ်ဖွဲ့တွေက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေမှုအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီကို ချက်ခြင်းအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကောင်စီလက်အောက်ခံ လေတပ်က ရုရှားနိုင်ငံလုပ် စစ်ရဟတ်ယာဉ် ၆ စီးဟာ ကြာသပတေးနေ့က စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကျွဲတဲရွာကို လာရောက်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ထဲရှိ ရာဘာလှေတွေပေါ်ကနေလည်း စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ခတ်တယ်လို့ ဆိုပါတယ်။ အဲဒီရွာမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး ပစ်ခတ်တယ်လို့ ယူဆရပါတယ်။ ထိခိုက်ပျက်စီးမှုပမာဏကို မသိရသေးပါဘူး။ အခုလို နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖျက်ဆီးတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေကို အတိအလင်း ကျူးလွန်နေတာ ဖြစ်တယ်လို့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင် က RFA ကို ပြောပါတယ်။

“ပြည်တွင်းမှာ ရွာတွေကို မီးတွေရှို့နေတာ၊ အရပ်သားပြည်သူလူထုကို လမ်းတွေမှာ ရွာတွေမှာ ပစ်ခတ် နေတာ၊ နောက်တစ်ခုက ကျွန်းလှမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာ လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကို ကြည့်မယ်ဆိုရင် အပြစ်မဲ့ပြည်သူလူထုတွေအပေါ် ဦးတည်ပြီးတော့ တိုက်ခိုက်နေ တယ်ဆိုတာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ခုက အခုလတ်တလော NLD ရုံးတွေကို ဗုံးခွဲတိုက်ခိုက်နေတဲ့ ကိစ္စတွေကိုပဲ ကြည့်ပါ။ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားပြီးတော့ တရားဝင်ထူထောင်ထားတဲ့ လူထုထောက်ခံထားတဲ့ ပါတီတခုရဲ့ လုပ်ငန်းတွေကို တိုက်ခိုက်နေတယ် ဆိုတာဟာ ဒီမိုကရေစီကို ဘယ်လောက်ထိဆန့်ကျင်ပြီးတော့ အကြမ်းဖက်လုပ်ရပ်ကို ဘယ်သူကျူးလွန် တယ်ဆိုတာ ထင်ရှားပါတယ်”

အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။