ထန်တလန်မှာ လက်နက်ကြီးကျည်သင့်အပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ကျွမ်း

2021.10.29
ထန်တလန်မှာ လက်နက်ကြီးကျည်သင့်အပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ကျွမ်း ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်နေစဥ်
Photo - Thantland CDF

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရှို့တဲ့မီးကြောင့် မနေ့က ညနက်ပိုင်းအထိ အိမ် ၂ဝဝ ကျော်ခန့် မီးလောင်ကျွမ်းခဲ့ပြီး ဆက်လက်တောက်လောင်ဆဲ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ အဆောက်အဦးတွေထဲမှာ ဘုရားရှိခိုးကျောင်း ၂ ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်‌ မနက်ပိုင်းကစပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာမှာ ည ၈ နာရီအချိန်အထိ အိမ်ခြေ ၁၁၀ ကျော် မီးထဲပါသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"ဒီမနက်ပိုင်း ၁၀ နာရီ‌လောက်ကနေ စပြီးတော့ သူတို့ စကစ ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်တယ်။ ပြီးတော့ ရပ်ကွက်လေးခု လောင်တယ်။ အခု ညပိုင်း (ည ၈ နာရီ) ကျတော့ နှစ်ခုလောင်နေတယ်။ နောက်ပြီးတော့ ခရစ်ယာန်ဘုရားကျောင်း နှစ်ခုတော့ ပါသွားပြီ"

COTR ဘုရားကျောင်းနဲ့ ဇွန်မွှန်ရပ်ကွက်မှာရှိတဲ့ Presbyterian ဘုရားကျောင်း နှစ်ကျောင်း မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဒေသခံက ပြောပြပါတယ်။

ဒီနေ့ည ၈ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရ မီးလောင်ကျွမ်းခဲ့တဲ့ ရပ်ကွက် လေးခုထဲက ဇွန်မွှန်ရပ်ကွက်နဲ့ လုံတီလ် ရပ်ကွက်တို့မှာ မီး ဆက်လက် လောင်ကျွမ်းနေတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ မီးလောင်ကျွမ်းတာဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာလည်း ထန်တလန်မြို့ပေါ်မှာ အခုလိုမီးလောင်မှု ဖြစ်ခဲ့ပြီး မြို့နေ လူတစ်သောင်းဝန်းကျင်လောက် မြို့ကိုစွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ထန်တလန်မြို့ပေါ်မှာ လူ ၈ ယောက်လောက်နဲ့ မိဘမဲ့ဂေဟာက လူအယောက် ၂၀ ကျန်နေခဲ့တယ်လို့ သတင်းရရှိထားပေမယ့်၊ ဖုန်းအဆက်အသွယ်မရတော့ဘူးလို့ ဒေသခံက ပြောပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။