ထန်တလန်မှာ ဘုရားကျောင်းနဲ့ လူနေအိမ် ၄၈ လုံး ထပ်မံမီးရှို့ခံရ
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းအထိ နေအိမ်တွေ ဆက်လက်မီးရှို့ခံခဲ့ရပြီး Thantlang Centenary Baptist Church (TCBC) ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၄၈ လုံး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး CDF အဖွဲ့တွေကြားမှာ နိုဝင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် အိမ်တွေဆက်လက်မီးရှို့ခံခဲ့ရတာလို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ ထန်တလန် CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက မနေ့က တစ်နာရီကနေ နှစ်နာရီကြားမှာဖြစ်တယ်။ ၃ နာရီလောက်မှာ မီးက တစ်နေရာကနေ စလောင်တယ်။ ၆ နာရီခွဲ နေဝင်ခါနီးမှာ နောက်တစ်နေရာကနေ စလောင်တယ်။ ည ၁၁ ခွဲဝန်းကျင် လောက်မှာ နောက်တစ်နေရာမှာ ထပ်လောင်တယ်။ သုံးနေရာလောက်မှာ လောင်တာပေါ့။ တိုက်ပွဲမှာ သူတို့ဘက် နှစ်ယောက်ကျတယ်။ သူတို့ကျတဲ့သူရှိတိုင်း အိမ်တွေမီးရှို့တာပေါ့”
ဇုန်မွှန်ရပ်ကွက်က ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၃၅ လုံး၊ မြို့မရဲစခန်း အနောက်ဘက်ခြမ်းက နေအိမ် ၁၀ လုံး၊ စိုက်ပျိုးရေးရပ်ကွက်က နေအိမ် သုံးလုံး၊ စုစုပေါင်း ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၄၈ လုံး မီးလောင်ကျွမ်းသွားတာလို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ မီးငြိမ်းနေပေမဲ့ မီးခိုးတွေထွက်နေတာကိုတော့ အဝေးကနေ လှမ်းမြင်နေရဆဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က နေအိမ် ၁၉ လုံး၊ အောက်တိုဘာ ၂၉ ရက်နေ့က ဘုရားကျောင်း အပါအဝင် နေအိမ် ၁၆၄ လုံး၊ နိုဝင်ဘာ ၆ ရက်နေ့က အိမ် ရှစ်လုံး၊ နိုဝင်ဘာ ၇ ရက်နေ့မှာ နေအိမ် တစ်လုံး၊ နိုဝင်ဘာ ၉ ရက်နေ့က နေအိမ်နှစ်လုံး၊ နိုဝင်ဘာ ၁၀ ရက်နေ့က နေအိမ် ခုနစ်လုံးနဲ့ နို ဝင်ဘာ ၁၁ ရက်နေ့က နေအိမ်သုံးလုံး မီးရှို့ခံခဲ့ရပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီနေ့အထိဆိုရင် ထန်တလန်မြို့မှာ မီးရှို့ခံရတာ ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်းနဲ့ နေအိမ် စုစုပေါင်း ၂၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။