မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင် ကို ရမန်ယူပြီး ဆက်ချုပ်ထား
မတ် ၁၉ ရက်နေ့က နေပြည်တော်မှာ အဖမ်းခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင် ကို စစ်ကြောရေးမှာ ရက်အတန်ကြာ စစ်ဆေးပြီးတဲ့နောက်၊ ဒိကနေ့ မတ် ၂၇ ရက်နေ့မှာ ယမန်ယူပြီး ထပ်ချုပ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ယမန်ဘယ်လောက်ယူပြီး ထပ်ချုပ်သလဲဆိုတာ အတိအကျ မသိရပေမယ့်၊ ပုံမှန်အားဖြင့်တော့ အဖမ်းခံရသူ တွေကို ၁၄ ရက် တစ်ကြိမ် ယမန်ယူပြီး ထပ်ချုပ်လေ့ရှိတယ်လို့ နေပြည်တော်အခြေစိုက် ရှေ့နေတစ်ဦးက ပြောပါတယ်။
မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင် နဲ့ BBC သတင်းထောက် ကိုအောင်သူရ တို့ကို မတ် ၁၉ ရက် နေ့လယ်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ အရပ်ဝတ်နဲ့ စစ်ထောက်လှန်းရေးတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အမည်မသိ နေရာတစ်ခုမှာ သီးသန့်စီ လူခွဲစစ်ဆေးခဲ့ပြီးတဲ့နောက် မတ်လ ၂၂ ရက်နေ့မှာ ကိုအောင်သူရ ကို ပြန်လွှတ်ပေးလိုက်ပေမယ့် ကိုသန်းထိုက်အောင် ကို ဆက်လက်ဖမ်းဆီးထားတာပါ။
ဒီကနေ့ မတ် ၂၇ ရက်နေ့မှာတော့ ကိုသန်းထိုက်အောင် ကို စစ်ကြောရေးစခန်းကနေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းကို ပို့လိုက်ပြီး ယမန်ယူ ထပ်ချုပ်လိုက်တယ်လို့ နေပြည်တော် သတင်းထောက် အသိုင်းအဝိုင်း က ပြောပါတယ်။
သူ့ကို ပြန်လွှတ်မလား ပုဒ်မ တစ်ခုခုနဲ့ တရားစွဲမလားဆိုတာ အတိအကျ မသိရပေမယ့်၊ စစ်ဆေးခံရချိန်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အဆက်အသွယ် ရှိ၊ မရှိ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့မှု ရှိ၊ မရှိ ဆိုတာတွေကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း ခဲ့ကြောင်း အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။