သံတွဲနဲ့ တောင်ကုတ် ဒေသခံခုနစ်ဦး AA ထံ ဆက်သွယ်မှုနဲ့ စစ်ကောင်စီ အမှုဖွင့်

2022.10.27
သံတွဲနဲ့ တောင်ကုတ် ဒေသခံခုနစ်ဦး AA ထံ ဆက်သွယ်မှုနဲ့ စစ်ကောင်စီ အမှုဖွင့် ရခိုင်ပြည်နယ် သံတွဲမြို့အဝင်ကို တွေ့ရစဥ်။
Photo: RFA

ရက္ခိုင့်တပ်တော် (AA) ကို ငွေကြေးထောက်ပံ့ ကောက်ခံပေးသလို စစ်တပ်၊ ရဲနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတယ်ဆိုပြီး သံတွဲမြို့နယ်နဲ့ တောင်ကုတ် မြို့နယ်က ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးပြီး မတရား အသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ - ၁၇ (၁) နဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် လူမှုကွန်ရက် စာမျက်နှာမှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့ ဖော်ပြပါတယ်။

အဖမ်းခံထားရသူတွေဟာ သံတွဲမြို့နယ် ဆင်ခေါင်းရွာက ဦးညီပုချေ၊ ကိုနေမျိုးအောင်၊ အင်ဒိုင်းကြီးရွာက ကျော်ကျော်နိုင်(ခ) ကြက်ဆိပ်၊ ကွေ့ချောင်းအုပ်စုလယ်တီရွာက ဦးမောင်မှတ်နဲ့ တောင်ကုတ်မြို့နယ် မှန်နီရွာက ဒေါ်ခင်လှ၊ ရန်ခေါ်ရွာက ကိုဖြိုးမင်းဇော်၊ သင်ပန်းရွှေရွာက ဦးကျော်ကျော်နိုင်တို့ ဖြစ်ပါတယ်။

သူတို့ကို ဒေသခံတွေရဲ့ သတင်းပေးတိုင်တန်းမှုအရ ဖမ်းဆီးရမိခဲ့တာလို့လည်း ဖော်ပြထား ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ အခု ရခိုင်မှာ ဖမ်းဆီးခံရသူတွေဟာ အရပ်သားတွေသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က ရခိုင်ပြည်အနှံ့မှာ ဖမ်းဆီးနေတာက အပြစ်မဲ့ရခိုင်ပြည်သူတွေ ဖြစ်တယ်။ အဲဒီလို ဖမ်းဆီး တယ်ဆိုတာက ကျနော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ပြည်သူတွေ မပါဝင်ရဲအောင်၊ မထောက်ခံရဲအောင် အဲဒီလို လုပ်နေတာလို့ ကျနော်တို့ သုံးသပ်တယ်”

စစ်ကောင်စီတပ်ဟာ လက်ရှိ ရခိုင်ပြည်နယ်မှာ လက်နက်ကြီးတွေနဲ့လည်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ဖြတ်တောက်နေပြီး ဒါဟာ လူသားတွေအပေါ် ကျူးလွန် နေတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ အခု အောက်တိုဘာလအထိ စစ်ကောင်စီတပ်က ဖမ်ဆီးထားတဲ့ အရပ်သား ၁၀၀ ကျော် ရှိနေ တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။