ဘန်ကောက်မှာ တစ်ပတ်အတွင်း မြန်မာအလုပ်သမား သုံးဆယ်ခန့် ဖမ်းဆီးခံရ
2024.10.08

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာအများစု ဈေးရောင်းဈေးဝယ်လုပ်ကြတဲ့ ဘန်ဘောဈေးထဲကို ထိုင်းအာဏာပိုင်တွေက အဖွဲ့စုံနဲ့ နေ့စဥ် ဝင်ရောက်စစ်ဆေးနေပြီး တစ်ပတ်အတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား သုံးဆယ်ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက အောက်တိုဘာ ၈ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစလို့ ဖမ်းဆီးစစ်မှုတွေ ရှိနေတာဖြစ်ပြီး အထောက်အထား မရှိသူတွေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ မကိုက်ညီသူတွေ အဖမ်းခံခဲ့ရတယ်လို့ ဘန်ဘောစျေးမှာ စျေးရောင်းနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကလည်း အများကြီးပဲ လာစစ်တယ်။ ဒီနေ့လည်း ဝင်စစ်တယ်။ နေ့တိုင်းပဲ ဝင်စစ်နေတာ။ တစ်ပတ်လောက် ရှိပြီ။ အဖွဲ့စုံပဲ။ အင်အား တော်တော်များတယ်။ အထောက်အထား ရှိ မရှိ စစ်တယ်။ စျေးလာဝယ်တဲ့သူတွေကိုလည်း စစ်တယ်။ အရင်ရက်တွေကလည်း ပါသွားကြတယ်။ ပထမရက်ကဆို ဆယ်ယောက်လောက် ပါသွားတယ်။ စျေးလာဝယ်တဲ့သူတွေ အပါအဝင် စျေးရောင်းနေတဲ့သူတွေပါ အဖမ်းခံရတာ တစ်ပတ်အတွင်းကို လူသုံးဆယ်လောက်ရှိမယ်”
ဘန်ဘောဈေးထဲကို နေ့စဥ် ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် လက်ရှိမှာ ဈေးဆိုင်အများစုက ပိတ်ထားကြပြီး ဈေးလာဝယ်သူတွေလည်း နည်းသွားတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် အရောင်းအဝယ် မကောင်းတော့ဘဲ မြန်မာအလုပ်သမားတွေ လုပ်ခလစာ လျှော့ခံရမဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံသားအများစု အလုပ်လုပ်နေကြတဲ့ မဟာချိုင်မှာလည်း စက်ရုံ၊ အလုပ်ရုံနဲ့ စျေးတွေထဲကို ဝင်ရောက်စစ်ဆေးနေပြီး ဖမ်းဆီးအရေးယူမှု ပိုလုပ်လာနေတယ်လို့ မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ ဆံပင်ညှပ်၊ စျေးရာင်း၊ စားသောက်ဆိုင် စတဲ့အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်မှု များပြားလာတယ်လို့ တိုင်တန်းမှုတွေ ရှိနေတာကြောင့် ဖမ်းဆီးစစ်ဆေး အရေးယူမှုတွေ များပြားလာတာလို့လည်း ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ နိုင်ငံတွင်း တရားမဝင် အလုပ်သမား ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂ဝ စီမံကိန်းအတွင်းမှာလည်း မြန်မာအလုပ်သမား နှစ်သိန်းတစ်သောင်းနီးပါးကို (၂၀၉,၄၃၅ ဦး) ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။