မလေးရှားသွားမယ့် လှေစီး မွတ်စလင် ၅၃ ဦး ထိုင်း ရဲက ဖမ်းဆီး
2014.10.12
ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က လှေစီးပြီး မလေးရှားကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်စလင် ၅၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
သူတို့ကို ထိုင်းတောင်ပိုင်း ဖန်ငခရိုင် ကမ်းရိုးတန်း ရာဘာခင်းတွေထဲမှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး မွတ်စလင် ၅၃ ဦးအပြင် ထိုင်းနိုင်ငံသား လူမှောင်ခိုပွဲစား ၂ ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံ မြို့နယ်အကြီးအကဲက ပြောပါတယ်။ သူတို့ကို ကပ္ပလီပင်လယ်ပြင်ထဲက ကျွန်းငယ်တစ်ခုကနေ ထိုင်းပြည်မကြီးထဲကို လှေနဲ့ခိုးသယ်လာတာလို့လည်း သူကပြောပါတယ်။
ဒီမွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်စပ်ကလာတာဖြစ်ပြီး မလေးရှားနိုင်ငံကိုပို့ဖို့ လူမှောင်ခိုဂိုဏ်းတစ်ခုက စီစဉ်နေကြောင်း သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တာလို့ သူကပြောပါတယ်။
ဒီလိုဖမ်းဆီးစဉ် မွတ်စလင် ၁၂ ဦး လွတ်မြောက်သွားပြီး အာဏာပိုင်တွေအနေနဲ့ အဓိက နောက်ကွယ်က လူမှောင်ခိုဂိုဏ်း ခေါင်းဆောင်တွေကို ဖမ်းမိနိုင်ဖို့ ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။