ဘန်ကောက် ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးအတွက် နစ်နာကြေးပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ထိုင်းခရီးသွား လုပ်ငန်းဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ က ကြေညာပါတယ်။
ထိုင်းတရားရေးဝန်ကြီးဌာနက Sakolphat Kijdamrongsak ကလည်း သေဆုံးသူအတွက် နစ်နာကြေး ဘတ်နှစ်သိန်း သီးခြား ပေးအပ်မယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက် အင်္ဂါနေ့ ညနေပိုင်းက ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်မှာ ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် တရုတ်အမျိုးသမီးတစ်ဦးနဲ့ မြန်မာအမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ မြန်မာအမျိုးသမီးဟာ မွန်ပြည်နယ် သထုံမြို့က အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ဆယ်စုနှစ်ကြာ ရှိနေပြီလို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို ထိုင်းအစိုးရတာဝန်ရှိသူတချို့၊ ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးသန်းထွေးနဲ့ သံအရာရှိတချို့ ဗုဒ္ဓဟူးနေ့က သွားရောက်ကြည့်ရှုခဲ့သလို သေဆုံးသူအတွက် နစ်နာကြေးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
သေဆုံးသူအတွက် ထိုင်းအစိုးရသာမက လုပ်ငန်းရှင်နဲ့ ထိုင်းနိုင်ငံအတွင်း အသတ်ခံရမှုအတွက် အဖွဲ့အစည်း တွေဆီကနေလည်း ထပ်မံ လျော်ကြေးငွေတွေ ပေးအပ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မမိုးမြင့် ဟာ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာစကား ကောင်းစွာပြောတတ်ပြီး နှစ်လိုဖွယ်ရာကောင်းသူ တစ်ဦးဖြစ်ကြောင်း နဲ့ သူဟာ ထိုင်းနိုင်ငံမှာ လစာဝင်ငွေကောင်းကောင်းရပြီး သူ့မိဘတွေကို တစ်လကို ထိုင်းဘတ်ငွေ တစ်သောင်းခန့် ပြန်လည်ထောက်ပံ့သူတစ်ဦးဖြစ်တယ်လို့ သူ့ရဲ့ ထိုင်းအလုပ်ရှင်က ပြောကြား ကြောင်း စင်ကာပူ The Straits Times သတင်းက ဖော်ပြပါတယ်။
သူသက်ရှိထင်ရှားရှိစဉ်တုန်းကလိုပဲ သူ့ရဲ့မိဘတွေကို လစဉ်ထောက်ပံ့ကြေးပေးသွားမယ်လို့ အလုပ်ရှင်က ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ၁၄ နှစ်အရွယ် လူငယ်ကို လူသတ်မှု၊ လူသတ်ရန် ကြိုတင်ကြံစည်မှု၊ လူသတ်ဖို့ ကြိုးပမ်းမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ပစ်ခတ်မှု စတာတွနဲ့ အမှုဖွင့်ထားတယ်လို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီလူငယ်ကို လက်နက်ရောင်းချတဲ့သူ နှစ်ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးလိုက်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။