သပိတ်ကျင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား နှစ်ဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

RFA Burmese
2025.01.03
သပိတ်ကျင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား နှစ်ဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ Bo Lin Yone

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဂျက်တိုက်လေယာဥ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ နှစ်ဆယ်ကျော်အထဲက ၁၆ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ အရပ်သားတွေ ရှိတဲ့နေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လင်းယုန်က RFA ကို ပြောပါတယ်။

“သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ အကုန်လုံးက အရပ်သား ပြည်သူတွေချည်းပါပဲ။ ကြဲတာလည်း အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ကြဲသွားတာပါ။ လက်၊ ခြေထောက်၊ ခေါင်းတွေ တော်တော်ပြင်းပြင်းထန်ထန် ရထားတဲ့သူတွေလည်း ပါပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ အရွယ်စုံပါပဲ။ လေး-ငါး နှစ်အရွယ်လောက်ကနေ အသက် ၆၀ လောက်ထိ ပါပါတယ်။ ဒါကတော့ စစ်ရေးပစ်မှတ်တွေ မဟုတ်သလို ရဲဘော်တွေနေထိုင်တဲ့ နေရာတွေလည်း မဟုတ်ပါဘူး။ ပြီးရင် တိုက်ပွဲဖြစ်နေတဲ့အချိန်လည်း မဟုတ်ပါဘူး။ သာမန် ပြည်သူကိုပဲ ရည်ရွယ်ချက်ရှိရှိ လာလုပ်သွားတာလို့ ယူဆပါတယ်”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး၊ မီးသတ်ရုံး၊ ဘာသာရေး အဆောက်အအုံတစ်ခု အပါအဝင် မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းရုံးနဲ့ အသင်းပိုင်ကား ငါးစီး ထိခိုက်ပျက်စီးခဲ့ပြီး လူမှုကူညီရေးအသင်းဝင် နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းမှာ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာမှာရှိတဲ့ ရဲကင်းစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ သြဂုတ် ၁ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်တွေက ထုတ်ပြန်ထားပါတယ်။

ချောင်းကြီးရွာဟာ အိမ်ခြေ နှစ်ထောင်ခန့်နဲ့ ရပ်ကွက်ကိုးခုရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အများစုက ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။