တန့်ဆည်မြို့ လိပ်ခြံကျေးရွာသား ၁၂ ဦး ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာသား ၁၂ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေကပင် စစ်ကောင်စီကောင်စီရဲ့ဖမ်းဆီးမှုကို ခံထားရတယ်လို့ ဒေသခံကျေးရွာသားတွေက RFA ကိုပြောပါတယ်။
သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံရတာဖြစ်ပေမယ့် သူတို့ဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါ တယ်။
"ဒါက သက်သက်သတင်းအမှားပေးပြီး ခေါ်တယ်လို့ယူဆတယ်။ PDF တို့ ဘာတို့ဆိုတာ ဘာမှမိသွားတာ မဟုတဘူး။ ဒါကရွာထဲမှာ ဝင်ဖမ်းသွားတာ။ အကုန်လုံးအရပ်သားတွေပါ။ ရမ်းထုပ်တွေ့တယ်တို့ သေနတ်တွေ့တယ်တို့ ဆိုတာတွေက တိတိကျကျမရှိဘူး”
ဖမ်းဆီးခံထားရသူတွေကတော့ ကိုကျော်ထွန်း၊ ကိုပြည့်ဖြိုး၊ ကိုအောင်ကိုဝင်းအေး၊ ကိုနိုင်ဝင်း၊ ကိုနိုင်လင်း၊ ကိုနေမျိုး၊ ကိုမျိုးဝင်း၊ ကိုဝင်းဇော်၊ ကိုထိုက်ဦး၊ ကိုကျော်လင်း၊ ကိုချိုလင်းနဲ့ ဦးသန်းလင်းတို့ ဖြစ်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအများအပြားနဲ့ တစ်အိမ်တက်ဆင်း ရှာဖွေဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို တန့်ဆည်မြို့မရဲစခန်းမှာ ချုပ်နှောင်ခံထားရတယ်လို့လည်း ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လိပ်ခြံကျေးရွာအပြင် ကပေါင်းကျနဲ့ နွားကူးကျေးရွာတွေကို ဝင်ရောက်ရှာဖွေသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိပ်ခြံကျေးရွာဟာ တန့်ဆည်မြို့နဲ့ဆိုရင် ဆယ့်လေးမိုင်လောက်ဝေးပြီး လူဦးရေ တစ်ထောင်ခန့်နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့မှာ ဆန္ဒပြသပိတ် စစ်ကြောင်းတွေ ပစ်ခတ်ဖြိုခွင်းခံရလို့ လူပေါင်း နှစ်ဆယ်ကျော်သေဆုံးခဲ့ရတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။