ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို စစ်ကောင်စီ ပြစ်ဒဏ်ပြင်ဆင်
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ယခင်က ငွေဒဏ်သာ ရှိခဲ့ရာကနေ စစ်ကောင်စီက ထောင်ဒဏ်တွေ တိုးမြှင့်ပြီး နိုဝင်ဘာ ၁ ရက် မနေ့က ရက်စွဲနဲ့ ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
ဘယ်သူမှ လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင် ခြင်း မပြုရဆိုတဲ့ ပုဒ်မ- ၉၆ ကို ဖောက်ဖျက်ကျူးလွန်ရင် “ငွေဒဏ် ကျပ်သိန်း ၃၀၀ ကနေ ၅၀၀ အထိ” ချမှတ်ရမယ်လို့ ပြဌာန်းချက်ကို အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀၀ ကနေ ၅၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြင်ဆင်ပြဌာန်း လိုက်တာပါ။
ဘယ်သူမှ လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် ထပ်မံသက်တမ်းတိုးခြင်း မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို ဆက်လက်လုပ်ကိုင်ခြင်းမပြုရ ဆိုတဲ့ ပုဒ်မ-၉၇ ပြဌာန်းချက်မှာ ယခင်က “ငွေဒဏ် ကျပ်သိန်း ၅၀ ကနေ ၁၀၀ အထိ” သာရှိခဲ့ရာကနေ အခု ပြင်ဆင် ပြဌာန်းချက်မှာ အဲဒီငွေဒဏ်တွေအပြင် အနည်းဆုံး ခြောက်လကနေ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပုဒ်မ - ၉၈ အတွက် ပြစ်ဒဏ်ပြဌာန်းချက်မှာလည်း ယခင်က “ငွေဒဏ် ကျပ်သိန်း ၁၀၀ ကနေ ၃၀၀ အထိ” ပြဌာန်းချက်ကို အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ကနေ အများဆုံး သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်” ပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြစ်ဒဏ်တွေကို အခုလို တိုးမြှင့်ပြင်ဆင် ပြဌာန်းလိုက်တာဟာ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ပြည်သူတွေက ရုပ်သံတွေကတစ်ဆင့် ကြည့်ရှုခွင့်ရနေတာကို ကန့်သတ်ချင်လို့ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှာ နေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။
အခုပြင်ဆင်ပြဌာန်းချက်မှာ “အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ထုတ်လွှင့်ခြင်း” ဆိုတဲ့ စကားရပ် လည်း ပါဝင်တဲ့အတွက် အွန်လိုင်းဗီဒီယိုစနစ်နဲ့ ထုတ်လွှင့်မှုတွေလည်း အကျုံးဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိမ်နင်းမှုတွေကို ပြည်သူတွေ ကြည့်ရှုခွင့် ရနေတဲ့ ပီအက်စ်အိုင် ရုပ်သံဖမ်းစက်တွေကို စစ်ကောင်စီက တားမြစ်ခဲ့ပါတယ်။