ဆရာမကို ထုတ်ပယ်မှုအတွက် ပညာရေးဌာနရဲ့ ရှင်းလင်းချက်
2013.08.30
နေပြည်တော် အထက ၅ က အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ကို အလုပ်က ထုတ်ပယ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အင်တာနက် ဝက်ဆိုဒ်မှာ ၂၉ ရက်နေ့က ရှင်းလင်းချက်တခု တွေ့ရပါတယ်။
အဲဒီရှင်းလင်းချက်မှာ ဆရာမ ဒေါ်စိုးစိုးခိုင် ဟာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေအတွင်း ခွင့်မဲ့ပျက်ကွက်မှု ၃ ခုမှာ ခွင့်မဲ့ပျက်ကွက်ရက် စုစုပေါင်း ၁၄ ရက်ရှိကြောင်း၊ သူ့ကို စစ်ဆေးမေးမြန်းခဲ့ချိန်က ခွင့်မဲ့ပျက်ကွက်ရက်တွေ အတွင်း နေပြည်တော်မှာ သွေးအားနည်း ရောဂါအတွက် ဆေးကုသနေတယ်လို့ ဆရာဝန်တယောက်ရဲ့ ဆေးလက်မှတ်ကိုတင်ပြပြီး လိမ်ညာခဲ့ကြောင်း၊ ဒါပေမယ့် အသေအချာ စစ်ဆေးမေးမြန်းခဲ့တဲ့အခါ ရန်ကုန်ကို ဇွန်လ ၁၃ ရက်နေ့က သွားရောက်ခဲ့ပြီး ၁၅ ရက်နေ့ကျမှ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း စသဖြင့်ဖော်ပြထားပါတယ်။
ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်တဲ့အတွက် သြဂုတ်လ ၁၅ ရက်နေ့မှာ မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ကြောင်းနဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာ သူ့ကို ရာထူးက ဖယ်ရှားထုတ်ပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ရှင်းလင်းချက်မှာ အလားတူခွင့်မဲ့ပျက်ကွက်မှုတွေကို အခုလိုပဲ ထုတ်ပယ်တဲ့ အပြစ်ပေးလေ့ရှိကြောင်း ဖော်ပြထားပေမယ့် ဘာကြောင့် မူလတုန်းကတော့ မယူမနေရ အငြိမ်းစားပေးဖို့ပဲ ဆုံးဖြတ်ခဲ့တာလဲဆိုတာကို တစုံတရာ ဖော်ပြထားခြင်းမရှိပါဖူး။