တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီက လူငယ် ၁၆ ဦးကို သံသယနဲ့ ဖမ်းဆီးထား
2021.09.06

တန့်ဆည်မြို့ပေါ်မှာ စက်တင်ဘာ လေးရက်ညနေပိုင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်တစ်လျှောက် သေနတ်တွေ ပစ်ဖောက်ပြီးလမ်းသွား၊ လမ်းလာတွေကို သာမက အိမ်ထဲရှိနေတဲ့သူတွေကိုပါ ဝင်ရောက်ဖမ်းဆီးနေကြတာဖြစ်ပါတယ်။
တန့်ဆည်-ရေဦး လမ်းမပေါ်က လမ်းသွားလမ်းလာတွေ၊ ကျွဲဆွဲရွာနဲ့ ရွှေကတော်ရွာက လူငယ် ၁၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၅ ရက် မနေ့ညနေပိုင်း က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တန့်ဆည်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လမ်းဘေး ဝပ်ရှော့ဆိုင်တွေမှာ နှစ်ယောက်၊ သုံးယောက် သူ့ဘာသာသူ ဆိုင်ထဲထိုင်နေတဲ့သူတွေ က သူတို့လာတဲ့အချိန်မှာ ကြောက်တော့ ပြေးကြတယ်။ အဲဒီလို ပြေးတဲ့သူတွေကို လိုက်ဖမ်းတယ်။ ရွှေကတော် - ကျွှဲဆွဲဆိုတာ မြို့ပေါ်လို့ ခေါ်ရမယ်။ ဒီရဲနှစ်ဦး အသတ်ခံရတယ်ဆိုကတည်းက သူတို့ ရမ်းကြတော့တာပဲ။ နောက်ရက်ကျတော့ မြို့ပေါ်မှာ တွေ့ရာလူအကုန်ဖမ်း။ မြို့ရဲ့ လေးဘက်လေးတန်မှာ သူတို့ရဲ့ စစ်ကောင်စီ တပ်တွေက အကုန်တပ်ချပြီးတော့ မြို့ထဲလည်း မဝင်ရ။ ထွက်လည်း မထွက်ရဘူး။ မြို့ကို ပိတ်ထားလိုက်သလို ဖြစ်သွားတာ။ အဝင်အထွက်တွေလည်း မလုပ်ခိုင်းဘူး။ မြင်သမျှကို ဖမ်းဆီး လိုက်တာ“
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံတွေထဲမှာ ပန်းရံလုပ်သူ ငါးယောက်၊ တွင်ခုံလုပ်ကိုင်သူ ခြောက်ယောက်၊ လမ်းသွားလမ်းလာ နှစ်ယောက်နဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသား သုံးယောက် ပါဝင်တယ်လို့ ရွှေကတော်ရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဘာအကြောင်းမှမရှိဘဲ သေနတ်တွေနဲ့ ရပ်ကွက်ထဲ လှည့်ပတ်ပြီး ပစ်ဖောက်နေတယ်"
ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ Taze People Comrades-TPC အဖွဲ့က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် တန့်ဆည်မြို့နယ်ထဲက PDF တပ်ဖွဲ့ဝင် တွေကို စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးနေရာမှာ လူငယ်တစ်ချို့ သံသယနဲ့ အဖမ်းခံရတာဖြစ် ပါတယ်။
“အားလုံးပေါင်း ၁၆ ယောက်ရှိတယ်။ ပန်းရံအဖွဲ့ရဲ့ ငါးယောက်က ရေဦးမြို့နယ်က။ သူတို့က တစ်အိမ် တည်းမှာ ငါးယောက်လုံး အိမ်ထဲမှာ ထိုင်နေတာ ဝင်ခေါ်သွားတယ်။ တင်ဇော်ထွန်းရဲ့ ဝပ်ရှော့ကျတော့ သူ့တပည့် နှစ်ယောက် ပါသွားတယ်။ တစ်ယောက်ကတော့ ကျောင်းသားပါ။ ကျော်ဆွေလတ်က သူ့တပည့်နဲ့ တစ်ယောက်ပါသွားပါတယ်။ နောက်တစ်ယောက်က ကျောင်းသား။ ၉ တန်း ကျောင်းသားပါ။ ဇော်မင်းထွန်းဆိုင်က ပါသွားတဲ့ ကျောင်းသားကတော့ ၁၀ တန်း ကျောင်းသားပါ။ ဇော်မင်းထွန်းရဲ့သား စွမ်းထက်အောင်က ပထမနှစ် ကျောင်းသားလေးပါ။ ကျောင်းသား သုံးယောက် ပါသွားတယ်။ ကျန်တာ ကတော့ ပန်းရံက ငါးယောက်၊ ကျန်တာ တွင်ခုံဆရာတွေ ပါသွားပါတယ်“
အဲဒီ ၁၆ ယောက်ကို ဘယ်ကိုဖမ်းခေါ်သွားမှန်းမသိဘဲ အဆက်အသွယ်ပြတ်နေတာကြောင့် တန့်ဆည်မြို့မ ရဲစခန်းကို သွားစုံစမ်းချိန်မှာတော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ကိုယ့်နေအိမ်မှာနေရင်းနဲ့ စစ်ကား ရဲကားတွေမြင်ပြီး ကြောက်လန့်ထွက်ပြေးရာ ကနေ အဖမ်းခံရတာလို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင် တစ်ဦးက ဆိုပါတယ်။
“ဖမ်းတာဆီးတာတွေ ကပေါင်းကျမှာလည်း ဖြစ်နေတော့ ရဲကားတွေ စစ်ကားတွေကလည်း လမ်းကနေ ဖြတ်တယ်။ သူတို့ကလည်း လက်နက်တွေကိုင်ပြီး မြို့ထဲမှာ ဟိုနား လေးငါးယောက် အဲလိုနေကြတယ်။ ပထမရက်တွေကလည်း တစ်ညလုံးပဲ သေနတ်တွေ ပစ်ဖောက်လို့ မအိပ်ကြရဘူး။ အဲတော့ သူတို့ကို မြင်တော့ ယောင်္ကျားလေးတွေက ဖမ်းမယ်ထင်ပြီး ဒီတိုင်းပဲ ပြေးကြတာ။ ပြေးကြတော့ သေနတ်နဲ့ လိုက်ပစ်ဖောက်ပြီးတော့ ဖမ်းတာ။ ပြေးလို့ ဖမ်းသွားတာ။ အခုကတော့ မြို့ပေါ်ရော၊ ရွာဘက်တွေရော သေနတ်သံတွေ တဒိုင်းဒိုင်းနဲ့ ဖောက်တယ်။ ဘာအကြောင်းမှမရှိဘဲ သေနတ်တွေနဲ့ ရပ်ကွက်ထဲ လှည့်ပတ်ပြီး ပစ်ဖောက်နေတယ်။ ကိုယ့်အိမ်ထဲနေတာတောင်မှ လုံခြုံမှုမရှိတဲ့ အခြေအနေရှိတယ်“
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်ကစလို့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ လူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေဦးနဲ့ တန့်ဆည်မြို့ကြား ထန်းခါးပင်ရွာက အသက် ၂၁ အရွယ် လမ်းသွားလမ်းလာ လူငယ်အမျိုးသား တစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေထဲမှာ လှည့်ပတ်ဖမ်းဆီးနေတာကြောင့် ကျေးရွာတွေ အနီးတဝိုက်က တောတွေထဲကို ထွက်ပြေးနေရသူ ၅၀၀၀ လောက် ရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။