ဦးတေဇရဲ့စီးပွားရေးတွေကို နိုင်ငံတကာက ပိုတိုးအရေးယူဒဏ်ခတ်ဖို့ တောင်းဆို

2021.09.27
ဦးတေဇရဲ့စီးပွားရေးတွေကို နိုင်ငံတကာက ပိုတိုးအရေးယူဒဏ်ခတ်ဖို့ တောင်းဆို ၂၀၁၄ ခုနှစ်က ပြင်ဦးလွင်မြို့နယ်၊ စစ်နည်းပညာတက္ကသိုလ်မှာ ထူးကုမ္ပဏီနဲ့ GDZR ကုမ္ပဏီတို့က လှူဒါန်းခဲ့သော စစ်အားကစားကွင်းဖွင့်ပွဲတွင် တွေ့ရသော ဦးတေဇနဲ့ စစ်တပ်အရာရှိများ။
Photo: U Tay Za

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူပိုင်ဆိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုကို နိုင်ငံတကာအနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြဖို့ Justice for Myanmar (JFM) အဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ တိုင်းရင်းသားဒေသတွေမှာ လေကြောင်းသုံးတိုက်ခိုက်တာ စတဲ့ စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် ဦးတေဇရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အထောက်အပံ့ပေးနေတယ်လို့ Justice for Myanmar ရဲ့ ပြောခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

‘လုပ်ငန်းနေရာငှားရမ်းတာ၊ မြေနေရာငှါးတာ၊ ဖက်စပ်လုပ်ငန်းတွေ၊ စစ်လက်နက်နဲ့ ဆက်စပ်ဝန်ဆောင်မှုတွေ အပါအဝင် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ သူတို့ရဲ့ စီးပွားရေးတွေကတဆင့် စစ်တပ်က လက်ရှိကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်နေတယ်။ နိုင်ငံတကာရာဇဝတ်မှုတွေကို ထူးအုပ်စုနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေက အားပေးပံ့ပိုးပေးခဲ့ကြတယ်’

မြန်မာစစ်တပ်ကို လက်နက်တင်သွင်းတာ၊ ဘဏ္ဍာငွေထောက်ပံ့တာတွေ လုပ်နေတာကြောင့် ဦးတေဇနဲ့ ထူးထရိတ်ဒင်းကုမ္ပဏီရဲ့ ဗြိတိန်နိုင်ငံတွင်း ပိုင်ဆိုင်မှုတွေ အားလုံးကို ထိန်းချုပ်လိုက်ကြောင်း ပြီးခဲ့တဲ့စက်တင်ဘာလ အစောပိုင်းမှာ ဗြိတိန်အစိုးရက ကြေညာပါတယ်။

ဦးတေဇပိုင် ထူးကုမ္ပဏီက ဒီအရေးယူဒဏ်ခတ်မှုကို လက်မခံကြောင်းနဲ့ အရေးယူရတဲ့ အချက်အလက်အသေးစိတ်ကို ထုတ်ပြန်ပေးဖို့ ဗြိတိန်အစိုးရကို တုံ့ပြန်ခဲ့ပါတယ်။

ဒီကနေ့ Justice for Myanmar အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ … မြန်မာလေတပ်နဲ့ Yangon Aircraft Engineering Company limited တို့အကြား အစည်းအဝေးမှတ်တမ်းတွေနဲ့ မြန်မာစစ်တပ်အတွက် လက်နက်ကုန်သွယ်ရေးမှာ ဦးတေဇ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ နောက်ထပ် သက်သေ အထောက်အထားတွေကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ထူးအုပ်စုရဲ့ ကုမ္ပဏီခွဲတွေနဲ့ မိတ်ဖက် စီးပွားရေးလုပ်ငန်း ၆၀ ခုက အစုရှယ်ယာရှင်နဲ့ ဒါရိုက်တာ ၁၃၁ ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း justice for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ပံ့ပိုးပေးဖို့၊ စစ်ကောင်စီနဲ့ စစ်ခရိုနီတွေရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေအတွက် ဒဏ်ခတ် ပိတ်ဆို့ အရေးယူပေးဖို့ Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့အတွက် ထူးထရိတ်ဒင်းနဲ့ Justice for Myanmar အဖွဲ့ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။