စစ်တပ်နဲ့ရဲကပစ်လို့ ၂၄ နာရီအတွင်း နိုင်ငံတဝှမ်းသေဆုံးရသူ အနည်းဆုံး ၁၀ ဦးရှိ
2021.03.29
စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်သတ်ဖြတ်လို့ မတ်လ ၂၈ ရက် မနေ့ညနေ ကနေ ဒီကနေ့ညနေအထိ ၂၄ နာရီအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ သေဆုံးရသူ အနည်းဆုံး ၁၀ ယောက်ရှိနေပါတယ်။
ရန်ကုန်တိုင်းမှာဆိုရင် သာကေတမှာ တစ်ယောက်၊ တောင်ဒဂုံမှာ လေးယောက် သေဆုံးပြီး၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ငါးယောက်သေဆုံးရပါတယ်။ တောင်ဒဂုံမြို့နယ်က ဒဏ်ရာရတဲ့သူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်လည်းပါပါတယ်။
ရန်ကုန်တိုင်း သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က ဆန္ဒပြနေတဲ့ သပိတ်ကို မတ်လ ၂၉ ရက် ဒီနေ့ မနက် ဆယ်နာရီကျော်လောက်မှာ စစ်တပ်နဲ့ရဲ တွေက အကြမ်းဖက်ပစ်ခတ်လို့ အမျိုးသားတစ်ယောက် ဦးခေါင်းမှာ ကျည်ဆံထိမှန်သေဆုံးရပါတယ်။ ဗိုက်ကို သေနတ်ကျည် ထိမှန်တဲ့သူ၊ လက်နဲ့ ခြေထောက်ထိမှန် ဒဏ်ရာရသူကလည်း လေးယောက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင် လူငယ်တစ်ယောက်က RFA ကိုပြောပါတယ်။
"မျက်စိရှေ့တင် ဦးခေါင်းပွင့်သွားတဲ့ သူတစ်ယောက်တွေ့တယ်၊ သူ့ကို ဟိုဘက်ကားလမ်းကနေ ဆွဲ သွားတယ်၊ ကျနော်တို့က ဒီဘက်ကားလမ်းမှာ၊ ပစ်တာ လမ်းကို နှစ်ဖက်ပိတ်ပစ်နေတာ ကြားထဲမှာ ပိတ်မိနေတယ်"
နေ့လယ်တစ်နာရီကျော်အထိ စစ်တပ်နဲ့ရဲတွေက လမ်းတိုင်းကို ပိတ်ဆို့ထားတာကြောင့် ထွက်ပြေးခိုလှုံရင်း ပိတ်မိနေသူတွေရှိတယ်လို့လည်း အဲဒီလူငယ်က ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ မတ်လ ၂၆ ရက်နေ့ကတည်းက နေ့ရောညပါ ပစ် ခတ်နေလို့ အဆိုးဆုံးခံနေရတဲ့မြို့နယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ စစ်တပ်နဲ့ရဲတွေဟာ မတ် ၂၈ ရက် နေ့ညက လမ်းတွေပေါ်က အတားအဆီးတွေကို ရှင်းလင်းရင်း နေအိမ်တွေ၊ လမ်းသွယ်တွေထဲကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြသလို လမ်းပေါ်ထွက်သူတွေကိုလည်း အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ နှစ်ဦးရဲ့ အလောင်းတွေကို မတ် ၂၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှ ရပ်ကွက်နေသူတွေက လိုက်ကောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ဒဂုံ ၁၉ ရပ်ကွက်က အသက် ၂၉ နှစ်အရွယ် ကိုအောင်ကိုဦးဟာ မတ် ၂၈ ရက်နေ့ နေ့ခင်းပိုင်းက လမ်းပေါ်ခဏထွက်တဲ့အချိန် ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ၂၈ ရက် ၂ နာရီလောက်က သူက လမ်းထိပ်ခဏထွက်တဲ့အချိန်မှာ စစ်ကားကလည်း ပတ်တဲ့ အချိန်နဲ့တွေ့တော့ စစ်ကားက ပစ်သွားတာ။ တစ်ချက်ပဲ ပစ်တယ်။ တစ်ချက်ထိတယ်။ ထိတဲ့နေရာက နားထင်။ ကျွန်တော်တို့ သွားကောက်ချိန်မှာ လူနာတင်ယာဉ်ကို ခေါ်တယ်။ လူနာတင်ယာဉ်က ဆေးရုံ ပို့တဲ့အခါ အသက်ပါသေးတယ်။ ဆေးရုံရောက်သွားပြီးတော့ ည ၆ နာရီခွဲလောက်မှာ သူဆုံးသွားတယ်။ ဒီမနက် ကျီစုကို ၁၉ နာကူအသင်းကနေပြီးတော့ သွားသယ်ပြီးတော့ ပို့တယ်။
တောင်ဒဂုံ ၅၅ ရပ်ကွက်မှာလည်း နေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် နှစ်နှစ်အရွယ် ကလေးတစ်ဦး နားရွက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
အဲဒီမှာ ၁၈ ကွေ့မှတ်တိုင်အနားမှာ မတ် ၂၈ ရက် ညပိုင်းက စစ်တပ်နဲ့ရဲကပစ်လို့ ကျွန်းရွှေမြိုင် ၂ လမ်းက အသက် ၃၉ နှစ်အရွယ် ကိုပြည့်ဖြိုးမောင် ခေါ် ကိုပေတိုး၊ ၁၉ ရပ်ကွက် မြသီတာလမ်းက အသက် ၃၀ ကျော် အရွယ် ကိုမောင်မောင်အေးတို့ သေဆုံးရပြီး၊ နေ့လယ်ပိုင်းမှာတော့ တောင်ဒဂုံမြို့နယ်၊ တံတားထိပ်မှတ်တိုင် အနားမှာ အသက် ၂၆ နှစ်အရွယ် မခိုင်ဇာသွယ် နားထင်စပ်ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးရတယ်လို့ မြန်မာ နောင်းသတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။
ဒီနေ့နေ့လယ် ၁၂ နာရီခန့်ကလည်း ဒဂုံမြို့သစ်တောင်ပိုင်း ၇၀၊ ၇၁ ၊ ၇၂၊ ၅၆ စတဲ့ ရပ်ကွက်တွေမှာ စစ်တပ်နဲ့ ရဲတွေက လမ်းတွေပေါ်က အတားအဆီးတွေကိုဖြိုခွဲရင်း သေနတ်တွေနဲ့ပစ်လိုက်လို့ ၅၆ ရပ်ကွက်မှာ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း ဆန္ဒပြပွဲတွေဆက်ရှိနေပြီး စစ် ကောင်စီတပ်က အကြမ်းဖက်ပစ်သတ်နေတာကြောင့် မတ်လ ၂၈ ရက် မနေ့ည ၉ နာရီအထိ ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ငါးဦးထိရှိသလို၊ ဒဏ်ရာရထားတဲ့သူ အများအပြားရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီအပြင် ရပ်ကွက်တချို့မှာ ပေါ်တာဆွဲနေလို့ လူငယ်တွေ ရှောင်တိမ်းနေ ကြရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွဲခံနေရပေမယ့် နေ့စဉ်မပြတ်ရှိနေပြီး ဒီနေ့ စစ်တပ်နဲ့ရဲကပစ်လို့ သေနတ်ကျည်ထိမှန်ပြီး တစ်ဦး ဒဏ်ရာရရှိထားပါတယ်။ ရွှေဘို၊ ဆားလင်းကြီး၊ ကော လင်း စတဲ့မြို့နယ်တွေမှာလည်း ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနေနဲ့ ရွှေဘိုမြို့က ပြည်သူတွေ မတ်လ ၂၉ ရက် ဒီနေ့မနက်ပိုင်း မော်တော်ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ တပ်နဲ့ရဲကပစ်လို့ လူငယ်တွေ သေဆုံးသွားတဲ့နေရာတွေရှေ့မှာ ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာလည်း နှစ်ဦး သေနတ်ဒဏ်ရာရထားပါတယ်။ စစ်တပ်နဲ့ ရဲတွေက လမ်းတွေမှာ ကာရံထားတဲ့အတားအဆီးတွေကို မီးရှို့ကာလမ်းသွယ်တွေထဲကို ဝင်ရောက်ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေပါတယ်။
ဒီအတောအတွင်းမှာပဲ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဒဏ်ရာရတဲ့သူတွေကို ကူညီမယ်လို့ လူသိရှင်ကြား ကြေညာလိုက်တဲ့ မမို့မို့အောင် ခေါ် မအိအိစိုး ဆိုတဲ့အမျိုးသမီးကို မတ်လ ၂၆ ရက်နေ့မှာ စစ်တပ်နဲ့ရဲက ဖမ်းလိုက်သလို၊ သူပိုင်ဆိုင်တဲ့ငွေ သိန်းပေါင်းတစ်သောင်းလောက်ကိုလည်း ယူသွားတယ်လို့ မိသားစုဝင်တွေ က RFA ကိုပြောပါတယ်။ လောလောဆယ်မှာ မမို့မို့အောင် ကို မြိတ်မြို့၊ မြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီး ထားပြီး ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ငြိုပျက်စေမှုနဲ့ တရားစွဲထားတယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။ ဒီကိစ္စအတွက် ရှေ့နေတွေ မလိုက်ပေးရဲတဲ့အတွက် ဥပဒေအရ အကူအညီ မဲ့နေတယ်လို့လည်း ပြောပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ တစ်ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရုံးတွေမှာ ကုလသမဂ္ဂအလံကို ဒီနေ့ တိုင်ဝက်သာလွှင့်ထူထားတာကို တွေ့ရပါတယ်။
RFA က စုဆောင်းပြုစုထားတဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ရဲရဲ့ ဖမ်းဆီးရိုက်နှက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၄၂၀ ကျော်ရှိသွားပါပြီ။ ဒီအရေအတွက်တွေဟာ နာမည်၊ အသက်၊ ဓါတ်ပုံတွေနဲ့ နေရာတိတိကျကျနဲ့ တွေ့ရှိလို့ စုဆောင်းထားတဲ့ အရေအတွက်တွေဖြစ်ပြီး ပိုင်ရှင်မဲ့သေဆုံးရတာတွေ၊ စစ်တပ်ဖက်က အလောင်းယူသွားလို့ စာရင်းမရတာတွေလည်းရှိတဲ့အတွက် တကယ့် ပမာဏက ဒီထက်ပိုများနိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ခံရရှိတဲ့ မှတ်တမ်းများအရ မတ် ၂၈ ရက်နေ့အထိ သေဆုံးခဲ့ရသူစုစုပေါင်း ၄၅၉ ဦး ရှိနေပြီဖြစ်ပါတယ်။
AAPP ရဲ့ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၂၅၅၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၃၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ မတ်လ ၂၄ ရက်နေ့ကတော့ အင်းစိန်ထောင်ကနေ လူ ၆၀၀ ကျော် ပြန်လွှတ်ပေးထား ပါတယ်။