တမူးမှာပစ်ခတ်နေလို့ ဒေသခံတွေ အိန္ဒိယဘက်ထွက်ပြေး

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသလို၊ ရဲတစ်ဦးလည်း သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။
ဒီနေ့ နေ့လယ်ခင်းမှာ ကလေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကား နှစ်စီးနဲ့ ဘတ်ဟိုးကားတွေ တမူးမြို့ ရောက်လာချိန်မှာ မြို့ထဲမဝင်ဖို့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုချိန် စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့မှာ အခုညနေပိုင်းထိ ပစ်ခတ်နေပြီး ဒေသခံတချို့ဟာ နယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးနေကြတယ်လို့ ထွက်ပြေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
တမူးမြို့မှာ အင်တာနက် လုံး၀မရဘဲ အိန္ဒိယနိုင်ငံထုတ် ဖုန်းဆင်းကတ် အင်တာနက်လိုင်းတွေ သုံးနေကြရပေမယ့် အခုဆိုရင် အဲဒီ အိန္ဒိယထုတ် အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ ညနေ ၅ နာရီခွဲထိ သေဆုံးသူ နှစ်ဦးရှိပြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ တမူးမြို့မှာ နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေရှိနေပြီး ဆန္ဒပြပွဲအတွင်း စစ်ကောင်စီ ပစ်ခတ်လို့ သေဆုံးရတဲ့သူ ၄ ယောက်ရှိသွားပါပြီ။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရသူ အရပ်သား ၆၅၀ ကျော်ရှိသွားပါပြီ။