ထိုင်ဝမ်ခွဲထွက်ရေးဆောင်ရွက်ချက် ဆန့်ကျင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
2024.01.15

ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေနဲ့ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ထိုင်ဝမ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတလောင်း Lai Ching-te က အနိုင်ရရှိသွားပါတယ်။
DPP ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲတွေမှာ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်သွားနိုင်အောင် ကြိုးစားမယ်လို့ ပြောဆိုမဲဆွယ်ခဲ့တာပါ။
ဒါကြောင့် ရွေးကောက်ပွဲမှာ DPP ပါတီအနိုင်ရပြီးနောက်မှာ စစ်ကောင်စီက ထိုင်ဝမ်ခွဲထွက်ရေးကိစ္စကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုတာလို့ စစ်ကောင်စီက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ပြန်တင်ထားတာကို တွေ့ရပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ ထိုင်ဝမ်မှာ DPP ပါတီက ရွေးကောက်ပွဲ အနိုင်ရသွားတာကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို တရုတ်နိုင်ငံခြားရေးဌာနက ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှိကျင့်ဖျင်ကလည်း ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်ဟာ စစ်နဲ့ ငြိမ်းချမ်းရေးကြား ရွေးချယ်စရာကိစ္စ တစ်ခုဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် ဒီလဆန်းပိုင်းမှာ ပြောဆိုထားပါတယ်။