ရေစီးနဲ့ မျောလာတဲ့ ရုပ်အလောင်းတွေ့ရှိ

ပဲခူးတိုင်းမှာ ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့အတွက် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူငါးယောက်ပျောက် ဆုံးနေရာမှာ ဒီကနေ့ သေဆုံးအလောင်းတစ်လောင်းကို တွေ့ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးက လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
တွေ့ရှိခဲ့တဲ့အလောင်းက အမျိုးသားအလောင်းဖြစ်ပြီး ပျောက်ဆုံးစာရင်းမှာ ပါဝင်သူ မဟုတ်ဘူးလို့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ပြောပါတယ်။
"အလောင်းတစ်လောင်း ပြန်တွေ့ထားတယ်၊ အဲဒါက ပျောက်တဲ့ထဲမှာမပါဘူး၊ အဲဒီအလောင်းက သပ်သပ်တွေ့တာ၊ အားလုံး ၅ ယောက်ပျောက်တယ်၊ တစ်ယောက်အသက်ရှင်လျက်ပြန်တွေ့တယ်၊ ကျန်တာလေးယောက်ကျန်နေသေးတယ်"
လက်ရှိ ပျောက်ဆုံးနေတဲ့ လေးဦးက မနေ့က ရေနစ်မြုပ်ရာမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ဒုတပ်ရင်းမှူးအဆင့် တပ်မတော်အရာရှိတစ်ဦး၊ တပ်မတော်သားယာဉ်မောင်းတစ်ဦးနဲ့ ဒေသခံ နှစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ဆွာရေလှောင်တမံက ရေပိုလွှဲ ကျိုးပေါက်ခဲ့တာကြောင့် ဆည်ရေတွေ အလုံးအရင်းဝင်ရာကနေ အနီးနားက ဆွာ ၊ ရေတာရှည်မြို့နယ်ထဲက ကျေးရွာ ၈၅ ရွာ ရေနစ်မြုပ်ခဲ့ပါတယ်။
ဒီကနေ့ ဆွာရေလှောင်တမံကျိုး ပေါက်တာ ရေကျသွားပြီဖြစ်ပေမယ့် တဘက်မှာ စစ်တောင်းမြစ်ရေ တိုးလာ တာကြောင့် တောင်ငူ၊ ဆွာ၊ ရေတာရှည် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ထပ်ပြီးဖြစ်ပေါ် လာပါတယ်။ အဲဒီလို ဆည်ရေနဲ့ မြစ်ရေကြီးတဲ့အတွက် ရေဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်သူက စုစုပေါင်း သုံးသောင်းကျော်တယ်လို့သိရပါတယ်။
လောလောဆယ် တောင်ငူ၊ ရေတာရှည်မှာ ကယ်ဆယ်ရေးစခန်း ၆၈ ခုဖွင့်လှစ်ထားပြီး ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာလည်း ဂမုန်းဆည်ကနေရေလျှံနေပြီး ဒေသတွင်းမှာရှိတဲ့ တောင် ကျချောင်းရေကြောင့် ရေလျှံမှုတွေဖြစ်တဲ့အတွက် ဒီနေ့မှာ လူ ၁၂၀ ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ် လို့ သိရပါတယ်။