နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး
2021.07.27

နေပြည်တော်က ဆန္ဒပြပွဲတချို့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို ဇူလိုင်လ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နေပြည်တော်ကျောင်းသားများသမဂ္ဂက RFA ကို ပြောပါတယ်။
ပျဉ်းမနားမြို့က ကိုကျော်ဘိုဘိုခန့် နေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်သားတွေက လက်နက် အပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းပြီး သူ့ကိုတွေ့ချိန်မှာ ရိုက်နှက်ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူဖမ်းခံရတဲ့အချိန်က နေမကောင်းဖြစ်နေတာ ဒါကိုတောင် ရိုက်နှက်ပြီး ခေါ်သွားတယ်ဆိုတော့ ကျနော်တို့ အရမ်းစိုးရိမ်တယ်၊ ဘယ်ကိုခေါ်သွားမှန်းလည်း မသိသေးဘူး”
သူ့ကိုဖမ်းစဉ်မှာ စစ်ကားလေးစီးနဲ့ အနည်းဆုံး အင်အား ၄၀ လောက်ပါဝင်ပြီး သတင်းအတိကျရတဲ့အတွက် လာဖမ်းတာလို့လည်း ဆိုပါတယ်။
ကိုကျော်ဘိုဘိုခန့်ကို ဖမ်းနေတဲ့တစ်ချိန်ထဲမှာပဲ ပျဉ်းမနားက တခြားကျောင်းသားတွေရဲ့ အိမ်တွေကိုလည်း စစ်ကောင်စီက သွားရောက်ရှာဖွေတာတွေလုပ်ခဲ့ပေမယ့် ဖမ်းမိခဲ့တာတော့မရှိဘူးလို့ ဆိုပါတယ်။