စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း SSPP ပြော
2024.05.03

Updated 10:26 PM May 03, 2024
စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီရရှိဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်းမရှိတော့တာကြောင့် စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မေလ ၃ ရက်နေ့က SSPP/SSA ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
စားပွဲဝိုင်းမှာ အဖြေရှာဖို့ မဖြစ်နိုင်တော့တဲ့အတွက် လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့တာလို့ SSPP/SSA ဒုတိယ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။
“နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်”
အာဏာရှင်စနစ်တိုက်ဖျက်ဖို့ SSPP/SSA အတူ ပြတ်ပြတ်သားသားလုပ်ဆောင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ SSPP ပြန်ကြားရေးတာဝန်ရှိသူတွေဖြစ်တဲ့ ဗိုလ်မှူး စိုင်းဖုန်းဟန်နဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းစုတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ SSPP ရဲ့ အခုလို ထုတ်ဖော်ပြောဆိုမှုဟာ စစ်ကြေညာတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။
“ဒါက စစ်ကြေညာတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ အခုရှမ်းပြည်မြောက်ပိုင်းမှာက မြောက်ပိုင်းသုံးဖွဲ့က မြို့တွေကို သိမ်းထားပြီးသားဖြစ်တော့ SSPP ဘက်ကလည်း သူစိုးမိုးတဲ့ဒေသတွေမှာ တစ်ခုခုလုပ်ပြမှရမဲ့ အခြေအနေ ဖြစ်နေတာပေါ့။ မြောက်ပိုင်းအဖွဲ့တွေက လက်မှတ်ထိုးထားရတော့ သူကပြန်ဦးဆောင်မယ့် သဘောလို့မြင်တယ်”
ပြီခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ SSPP တပ်ဖွဲ့တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို ရခိုင့်တပ်တော် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့တာကလည်း အခုထုတ်ပြန်ချက်နဲ့ ဆက်စပ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
SSPP တပ်ဖွဲ့ဟာ UWSA "၀" တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖြစ် လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/ SSA) ဟာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသကို ဗဟိုပြုပြီး ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၁၅ ခုနှစ် NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးတာ မရှိဘဲ အလွတ်သဘောဆွေးနွေးမှုတွေသာ ရှိခဲ့ပါတယ်။
(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးရဲ့ ဖြေကြားချက်အား ဖြည့်စွက်ရေးသားထားပါသည်။)