ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်

RFA Burmese
2025.04.30
ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်က SSPP ဌာနချုပ်မှာပြုလုပ်ခဲ့သည့် အဖွဲ့တည်ထောင်မှု ၆၁ ပြည့်အခမ်းအနား၌တွေ့ရသည့် SSA တပ်ဖွဲ့ဝင်များ။
SSPP

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) လက်အောက်ခံ ရှမ်းပြည်တပ်မတော်(SSA) နဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အကြား စစ်ရေးတင်းမာမှုတွေကို ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSPP က ဧပြီလ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြင် ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှုလည်း ၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SSPP နယ်မြေထဲ ကိုးကန့်တပ်တွေ ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုက တရားဝင် အကြောင်းမကြားလို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာလို့ SSPP ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမဲ့ အခြေအနေနဲ့ပတ်သက်လို့ SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

လက်ရှိမှာလည်း SSPP တပ်စခန်းတွေရှိတဲ့ သီပေါမြို့နယ် နားနန်း၊ နားတော်၊ ခိုနန်းဖ၊ တင်းဟိုင်း၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ စတဲ့နေရာတွေမှာ စစ်ရေးတင်းမာနေပါတယ်။

MNDAA ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

SSPP နဲ့ MNDAA တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်မထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် တွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။