သံပုံးတီးဆန့်ကျင်တဲ့ ဆင်းရဲသားပြည်သူတချို့ ထောင် ၇ ရက် ချမှတ်ခံရ
2021.02.05
စစ်အစိုးရဆန့်ကျင်တဲ့ သံပုံးတီးတဲ့ပြည်သူတွေထဲမှာ အောက်ခြေဆင်းရဲသားပြည်သူတချို့ကို ရဲတပ်ဖွဲ့ ကစပြီး ဖမ်းဆီး ထောင်ချတာတွေရှိလာနေပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မနေ့ည ၈ နာရီက သံပုံးတီးခဲ့တဲ့ လူ ခြောက်ယောက်ကို ရဲတပ်ဖွဲ့ က ရဲအက်ဥပဒေ ၄၇ နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဒီနေ့မနက်က ချမ်းမြသာစည် မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ နေ့လယ် ၃ ခွဲမှာတော့ ဖမ်းဆီးခံထားရသူတွေထဲက နှစ်ယောက်ကို ထောင်ဒဏ် ၇ ရက် ချမှတ်လိုက်ပြီး ကျန်တဲ့သူတွေကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။
သံပုံးတီးခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ အမျိုးသားတစ်ဦးရဲ့ ဇနီး မကြူကြူသင်းက သူတို့က လမ်းပေါ်မှာလည်း တီးခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတီးပြီး ဆန္ဒဖော်ထုတ် ကြဖို့ တစ်ပြည်လုံးမှာ စည်းရုံးနှိုးဆော်မှုတွေရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေး၊ မကွေးစတဲ့ မြို့ကြီးတွေကနေ သံပုံးတီးလှုပ်ရှားမှုတွေကို စတင်ခဲ့ကြတာပါ။
လှုပ်ရှားမှု ၃ ရက်မြောက်တဲ့နေ့ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မြို့တွေ၊ ကျေးရွာတွေ တော်တော်များများက ပါဝင်လာကြပါတယ်။ အဲဒီနေ့ အစောပိုင်းမှာပဲ သံပုံးတီးတဲ့သူတွေကို စောင့်ကြည့်သတင်းပို့ဖို့ ရဲတပ်ဖွဲ့က အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားထားတဲ့စာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တယ်။
ဖြစ်ရပ်တစ်ခုဆိုရင်လည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာမြို့မှာ သံပုံးတီးနေတဲ့ အမျိုးသားတစ်ယောက်ကို ရဲက လက်ထိပ်ဝင်ခတ်ခဲ့တဲ့အတွက် ရပ်ကွက်ကလူတွေ ဝိုင်းလာလို့ မဖမ်းဘဲ ပြန်သွားခဲ့ပါတယ်။
အခုဆိုရင် သံပုံးတီးလို့ အဖမ်းခံရတဲ့သူ မန္တလေးခရိုင်ထဲမှာ စုစုပေါင်း လူ ၃၀ ကျော် ရှိနေပါတယ်။
စစ်အစိုးရရုံးစိုက်တဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲက မြောက်ကျောင်းစုရွာနဲ့ ညောင်ကုန်းရွာမှာလည်း ညဘက် သံပုံးတီးလို့ဆိုပြီးတော့ လူငယ် နှစ်ယောက်ကို ရဲက ဖမ်းပြီး ဒီနေ့ မနက် ဒက္ခိဏသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ နေပြည်တော် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒက္ခိဏသီရိ မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
အလားတူ ပျဉ်းမနားမြို့ထဲမှာလည်း သံပုံးတီးတာကို လာဖမ်းဆီးတဲ့ဖြစ်ရပ် တချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာလည်း သံပုံးတီးတဲ့ ပြည်သူတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းတဲ့အတွက် တစ်ရပ်ကွက်လုံးက ရဲစခန်းကို သွားပြီး လွှတ်ပေးဖို့ ညှိနှိုင်းပြောဆိုတဲ့အတွက် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးတာမျိုးလည်းရှိခဲ့ပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကံရွာမှာ ဖမ်းဆီးတာရှိခဲ့သလို ညောင်ဦးမြို့ ရေနံစုရပ်ကွက်မှာလည်း သံပုံးတီးတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာ ရှိခဲ့ပါတယ်။
အလားတူ ရမည်းသင်းမြို့က ကျေးရွာတွေမှာလည်း သံပုံးတီးရင် အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုတာ တွေရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သံပုံးတီးတဲ့ အမျိုးသမီးတစ်ဦးကို မနေ့ညက ရဲကဖမ်းဆီးပြီး ဒဏ်ငွေ ၅၀၀ ဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ၂၀၂၀ အနိုင်ရ NLD ကိုယ်စားလှယ် ဦးအောင်မျိုးဦးကပြောပါတယ်။
သံပုံးတီးတာနဲ့ပတ်သက်ပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၇ နဲ့ အရေးယူတာမျိုးရှိသလို ရဲအက်ဥပဒေ ပုဒ်မ ၄၇ နဲ့ အရေးယူတာတွေလည်း ရှိပါတယ်။
မွန်ပြည်နယ် သထုံမြို့က သံပုံးတီးတဲ့ အမျိုးသားနှစ်ဦးကို မူးဆူ ပုဒ်မလို့ ပြည်သူတွေကြားအသိများတဲ့ ရဲအက်ဥပဒေ ၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ ရက် ချမှတ်ခံခဲ့ရတယ်လို့ သထုံပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူက ပြောပါတယ်။
ဆူညံသံတွေနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၇ နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆို ဆောင်ရွက်နိုင်ကြောင်း ဒဏ်ငွေအနေနဲ့ ၅၀၀၀ ကျပ်ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်ပြီး ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ခြင်းမပြုပါက ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ် ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။
ရဲအက်ဥပဒေ ၄၇ မှာတော့ လမ်းနဲ့အများပြည်သူဆိုင်ရာနေရာတွေမှာ အများပြည်သူတွေကို အဟန့်အတား ဖြစ်စေရန်၊ အနှောင့်အယှက်ဖြစ်စေရန်၊ ဘေးဖြစ်စေရန်၊ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် စတဲ့ ပြုလုပ် ဆောင်ရွက်မှုတွေကို ကျူးလွန်တဲ့သူတွေ၊ ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိပြီး ဒဏ်ငွေ ကျပ် ၅၀ ဖြစ်စေ၊ ထောင်ဒဏ် ၈ ရက်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ စီရင်ခြင်းခံရမယ်လို့ ပြဌာန်းထားပါတယ်။