မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံကျင်းတွေ မီးရှို့ခံရ

2022.01.23
မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံကျင်းတွေ မီးရှို့ခံရ မြိုင်နဲ့ ပေါက်မြို့နယ်ထဲက မီးလောင်နေတဲ့ ရေနံကျင်းတွေကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း မြိုင်မြို့နယ် ဆူးဝင်းရွာ အနောက်ဘက်၊ ပေါက်မြို့နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ကြက်ဆူ အိုင်ရွာအနီးက ရေနံမှော်တွေကို ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက် ၁၁ နာရီ ခွဲလောက် က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ရေနံမှော်ပိုင်ရှင်တွေက ပိုက်ဆံမပေးရင် မပေးတဲ့ ရေနံကျင်းတွေကို မီးရှို့ကြတာလို့ အဲဒီရေနံမှော်ထဲက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
 
"အခု မီးရှိုတဲ့နေရာမှာ တစ်ဦးက နှစ်ကျင်းရှိတာ ၅ သိန်း ပေးလိုက်တယ်။ တစ်ဦးက ခြောက်ကျင်းရှိတာကို ၁၀ သိန်းပေးရတယ်။ ပေးတဲ့ကျင်းတွေကို မရှို့ဘူး ပိုက်ဆံတောင်း လို့ မပေးတဲ့ကျင်းတွေ လူမရှိတဲ့ကျင်းတွေကို မီးရှို့တယ်ဗျာ"
 
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ရေနံမှော်ကို ဝင်လာတဲ့အချိန်မှာ တချို့ ကျင်းပိုင်ရှင် တွေက ရေနံကျင်းတွေကို ထားကာ ထွက်ပြေးကြပြီး ပိုင်ရှင်မရှိတဲ့ ရေနံကျင်းတွေသာမက ဆီပေပါထဲ ထည့်လှောင် ထားတာတွေကိုပါ မီးရှို့ခဲ့ကြတယ်လို့ ပြောပါတယ်။
 
ရေနံကျင်းတွေ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
 
အဲဒီ ရေနံမှော်ထဲက ရေနံလက်ယက်တွင်းတွေဟာ ဒေသခံတွေက တစ်ပိုင်တစ်နိုင်အနေနဲ့ ငွေကြေး အရင်းအနှီး တတ်နိုင်တဲ့အပေါ် မူတည်ပြီး ရေနံကျင်းအရေအတွက် များများလုပ် ကြတယ်လို့ ပြောပါတယ်။
 
မြိုင်နဲ့ ပေါက်မြို့နယ် အနီးတစ်ဝိုက်က ရေနံမှော်တစ်ကြောလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက မီးရှို့ နေတာ ဒီနေ့အထိဆိုရင် တစ်ပတ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။