ရန်ကုန်မှာ တစ်ရက်တည်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ
2021.08.24
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးကို ပိုတင်းကျပ်ထားသလို အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်မြို့မှာ လူငယ်တွေဟာ သံသယနဲ့ ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေပြီး မနေ့က ဩဂုတ်လ တစ်ရက် တည်းမှာ ရန်ကုန်မြို့မှာ လူပေါင်း ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာရှိတဲ့ မိတ်ဆက်ခေါက်ဆွဲဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက် အပါအဝင် ငါးယောက် မနေ့ညဦးပိုင်းက အဖမ်းခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့ ညနေ ၄ နာရီလောက်စမွှေတာခင်ဗျ၊ အဲဒီသရက်တောလမ်းနားဝန်းကျင်ကို အရင်မွှေတယ်၊ ပြီးတော့ တရုတ်ကျောင်းလမ်းသွားတယ်၊ တရုတ်ကျောင်းလမ်းကနေ ဇေယျဝတီဘက်သွားတယ်၊ အဲဒီ ကတဆင့် မိုးမခ၊ ဂန္ဓမာကိုထပ်မွှေတယ်၊ ပြီးတော့မှ မကြီးကြီးထဲကိုဝင်မွှေပြီး အဲထဲက မိတ်ဆက်ခေါက်ဆွဲ ဆိုင်ကို ဝင်မွှေတယ်၊ အကြမ်းမျဉ်းအားဖြင့်ပြောရရင် ဒီကောင်တွေ ညနေ ၄ နာရီဝန်းကျင်ကနေ မနက် ၃ နာရီခွဲဝန်းကျင်အထိ တောက်လျှောက်တွေ လိုက်မွှေနေတယ်လို့ ကြားပါတယ်၊ အကြမ်းမျဉ်းအားဖြင့် ကတော့ အဖမ်းခံရတာ ဆယ်ယောက်ကျော်ဝန်းကျင်မှာရှိမယ်လို့ ခန့်မှန်းမိတယ်ဗျ၊ သူတို့သုံးတဲ့အင်အား ကလည်း တစ်လမ်းဝင်ပြီးသွားရင် အဲဒီတစ်လမ်းမှာ တကယ်လို့ရှိတယ်ဆိုရင် ဖမ်းသွားတယ်၊ ဖမ်းသွားပြီး စခန်းကိုသွားပို့တယ်၊ ပို့ပြီးတော့ အဲကားတွေပြန်လာပြီး နောက်တစ်ခေါက်ထပ်မွှေတာ၊ အဲလိုပုံစံနဲ့တော့ တွေ့နေ ရတယ်”
မနေ့ညပိုင်းမှာပဲ စမ်းချောင်းမြို့နယ်က ကံ့ကော်လမ်း၊ ဦးညိုလမ်း၊ မကြီးကြီးလမ်း၊ စစ်ကိုင်းလမ်း၊ တကောင်း လမ်း စတဲ့လမ်းတွေထဲ ရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့တဲ့အပြင် ပြည်သူ့ကွက်သစ် (၄) လမ်းက လူငယ်အချို့ ကိုလည်း နာမည်စာရင်းစာရွက်နဲ့ တိုက်ဆိုင်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
"ညဦးပိုင်းလောက်ပေါ့ အဲဒီစစ်ကောင်စီအဖွဲ့က ရှာဖွေဖမ်းဆီးတာတွေရှိတယ်"
အလုံ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်အချို့မှာလည်း အင်အားအများပြားနဲ့ ဝင်ရောက် ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ လူငယ် ၂၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သင်္ဃန်းကျွန်း ဒေသခံတစ်ယောက်က ရှင်းပြပါတယ်။
“ကျနော်တို့ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ မနေ့ညနေလောက်က ညနေဆိုတာက ညဦးပိုင်းလောက်ပေါ့ အဲဒီစစ်ကောင်စီအဖွဲ့က ရှာဖွေဖမ်းဆီးတာတွေရှိတယ်လို့ ကျနော်တို့သိရတယ်၊ အယောက် ၂၀ လောက် တော့ အဖမ်းခံသွားရတယ်လို့လည်း ကြားရတယ်၊ ဖမ်းသွားခံထိတဲ့ တစ်ယောက်ဆီကနေပြီးတော့ရရှိတဲ့ အချင်းချင်း သူတို့စကားပြောတဲ့ အွန်လိုင်းအပလီကေးရှင်းပေါ့ဗျာ၊ အဲဒါလေးကနေပြီးတော့မှ ဆက်စပ်မှု လေးတွေယူပြီးတော့ တခြားသူတွေကိုလည်း ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတယ်လို့လည်း ကျနော်တို့သိ ရတယ်၊ နေရာတော့ ကျနော်လည်း အတိအကျတော့မသိဘူးဗျ”
မနေ့က ဖမ်းဆီးခံရတဲ့ လူအရေအတွက်အတိအကျကို အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားတဲ့ ပြည်သူတွေနဲ့ လူငယ်တွေကို ရှာဖွေဖမ်းဆီးတာတွေ အခုရက်ပိုင်းတွေမှာ ခပ်စိပ်စိပ်ရှိလာနေပြီး မနေ့ မနက်ပိုင်းကလည်း သမိုင်းမြို့သစ်ထဲက နေအိမ်တစ်ခုကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး လူငယ်လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် (၇)ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ တပ်မတော်အထည်ချုပ်စက်ရုံကို ဩဂုတ်လ ၂၃ ရက် မနေ့ည ၁၀ နာရီဝန်းကျင်လောက်မှာ လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးပေါက်သံကြားရပြီး သေနတ်ပစ်ခတ်သံအချက် ၂၀ လောက်လည်းကြားရတယ်လို့ အဲဒီနေရာအနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
“မနေ့က (၁၀) နာရီလောက်ကဖြစ်သွားတာ၊ ဗုံးအရင်ဖောက်တာ၊ သူတို့အဝေးထိန်းဗုံးနဲ့ ဖောက်ပြီးတော့မှ အချက် (၂၀) လောက် အတွဲလိုက်ပစ်တာ၊ အချက် (၂၀) ကျော်တယ်၊ ဒီဘက်အခြမ်းမှာ အဖမ်းအဆီးတွေ ဘာတွေ ဝင်ဖမ်းတာတော့မရှိဘူး၊ ဒါပေမဲ့ ညက ညီမတို့ဘက်အခြမ်းမှာ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေနဲ့ ပတ်တာ၊ ပြီးတော့ ခြေလျင်လည်း သူတို့လျှောက်ကြည့်တယ်၊ လက်နက်တွေလည်းပါတယ်၊ ဖမ်းဆီးတာ မျိုးတော့ မကြားမိဘူး ဒီဘက်ခြမ်းမှာ၊ နေရာတိုင်းမှာ စစ်ဆေးတာတွေတော့ရှိတယ်”
ပေါက်ကွဲမှုဖြစ်ပြီး ၁၅ မိနစ်လောက်မှာ ထုတ်ပြန်တဲ့ လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် ထဲမှာ ဒီပေါက်ကွဲမှုကို သူတို့အဖွဲ့ကပြုလုပ်တာဖြစ်ပြီး မနေ့မနက်ပိုင်း သမိုင်းမြို့သစ်မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီ တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုအတွက် လက်တုံ့ပြန်တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က အနည်းဆုံးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါရှိပါတယ်။
နွေဦးတော်လှန်ရေးအဆုံးသတ်တိုက်ပွဲ စတင်မယ့်နေ့ရက်ကို မကြာခင်သတ်မှတ်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြောပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးမှာ ပစ်ခတ်မှုတွေနဲ့ ဖေါက်ခွဲမှုတွေ ပြန်တွေ့ လာရသလို စစ်ကောင်စီဘက်ကလည်း မြို့တိုင်းနီးပါး လုံခြုံရေးတိုးမြှင့်လာနေတာပါ။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မြို့ပြလုံခြုံရေးကို ပိုမိုတင်းကျပ်တဲ့အနေနဲ့ နေပြည်တော်ကလွဲပြီး ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နဲ့တိုင်းအားလုံးမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးနေရာကို ရဲမှူးကြီး တွေနဲ့ စစ်ကောင်စီက အစားထိုးပြောင်းလဲခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ မန္တလေးမြို့အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီဩဇာခံအဖွဲ့ဝင်တွေဟာ မတရားအသင်းကြေညာထားတဲ့ NUG အစိုးရကို ထောက်ပံ့ကူညီတာတွေ မလုပ်ဖို့၊ PDF တွေအနေနဲ့ လက် နက်ချကြဖို့၊ PDF အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သတင်းပေးကြဖို့နဲ့ သတင်းပေးတဲ့သူကိုလည်း ဆုငွေချီးမြင့်မယ့် အကြောင်း စတာတွေကို အသံချဲ့စက်လော်စပီကာတွေအသုံးပြုပြီး လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေလုပ်နေပေမယ့် နောက်ပိုင်းမှာ မြို့ပြတိုက်ပွဲတွေ ပြင်းထန်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က ခန့်မှန်းပါတယ်။
“မြို့ပြတိုက်ပွဲတွေက အခုမှအစပြုချက်ပဲရှိပါသေးတယ်၊ အခုကတော့ တော်တော်လေးတော့ မြိုင်ဆိုင် လာပြီပေါ့ဗျာ၊ သို့သော် D-Day ကာလနောက်ပိုင်းကြမှ အဲဒီအရှိန်အဟုန်တွေက ပိုပြီးမြင့်မားလာလိမ့် မယ်လို့ ထင်ပါတယ်၊ ဒီကာလအတွင်းမှာတော့ စစ်ကောင်စီကလည်း ဧည့်စာရင်းတွေစစ်ရင်းနဲ့ ဖမ်းမိ သွားတာတွေ၊ တိုက်ပွဲဖြစ်တာတွေ ထပ်ပြီးကြားနေရတာပေါ့ဗျာ၊ အဲတော့ အဲဒီအပေါ်မှာ အတွေ့အကြုံ တွေတော့ ယူရမှာပေါ့ဗျာ၊ သင်ခန်းစာတွေထုတ်ရမှာပေါ့၊ ဒါပေမဲ့ သိပ်တော့ မကြာတော့ဘူးထင်ပါတယ်၊ D-Day ရဲ့ တပြည်လုံးဆိုင်ရာအစီအစဉ်တွေ စပြီဆိုတာနဲ့ ကျနော်ထင်တာက အဲဒီမြို့ပြလှုပ်ရှားမှုတွေ ကလည်း အုံနဲ့ကျင်းနဲ့ပေါ်လာလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်မိပါတယ်ဗျ”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူဟာ ၅၈၂၁ ဦးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူကတော့ ၁၉၈၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။