ရှမ်းခေါင်းဆောင်များ လွှတ်ပေးရေး ရှမ်းအမျိုးုသားနေ့မှာ SNLD တောင်းဆို

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ခေါ် ရှမ်းအမျိုးသားနေ့ ကို ရန်ကုန်မြို့ အပါအဝင် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေက အထိမ်းအမှတ် အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပါတယ်။

2011.02.08

khun_htun_oo_250_z.jpg
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
RFA
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရှမ်းခေါင်းဆောင် ၉ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်သလို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတရပ် အမြန်ဆုံး ကျင်းပဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ခေါ် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ၉ မိုင် ဘုန်းကြီးကျောင်းဖြစ်တဲ့ ရှမ်းကျောင်းမှာ မနေ့က ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီကစလို့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားအသင်းတွေ ဖြစ်တဲ့ တောင်ကြီးအသင်း၊ ရန်ကုန် ရှမ်းစာပေ ယဉ်ကျေးမှုအသင်း၊ ပအို့၊ တအာင်း ပလောင်၊ အင်းသား၊ ဓနု၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်အသင်းစတဲ့ အဖွဲ့ ၁၂ ဖွဲ့ကနေ ပူးပေါင်းပြီး ဖျော်ဖြေပွဲတွေကို မနက် ၃ နာရီ အထိ ကျင်းပခဲ့သလို ရှမ်းပြည်နယ်အတွင်းက အစားအသောက်တွေကိုလည်း ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို အခမ်းအနားတွေကို မန္တလေးတက္ကသိုလ်မှာ ရှိတဲ့ ရှမ်းကျောင်းသူ ကျောင်းသားတွေကလည်း ရှမ်းပြည်နယ်နေ့ အမှတ်တရပွဲတခု ကျင်းပခဲ့သလို ထိုင်း-မြန်မာ နယ်စပ်ဒေသက ရှမ်းပြည် တပ်မတော်တောင်ပိုင်း လွိုင်တန်းလျှန်း စစ်ဌာနချုပ်မှာလည်း စစ်ရေးပြ အခမ်းအနားတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။ အလားတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ တခြားပြည်ပမှာ ရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း နေရာဒေသအလိုက် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ဒီ ၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကနေပြီး ဥက္ကဋ္ဌ ခွန်ထွန်ဦး နဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးနဲ့တကွ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တရပ် အမြန်ဆုံး စတင် ကျင်းပသွားဖို့လိုအပ်ကြောင်း တပ်မတော်အစိုးရနဲ့တကွ နိုင်ငံရေးအစုအဖွဲ့အားလုံးကို တိုက်တွန်းပြောဆိုတဲ့ အချက် ၂ ချက်ပါ တောင်းဆိုတဲ့ စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနဲ့ ပါသင့်ပါထိုက်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်လာဖို့ အရေးကြီးကြောင်း RFA ကို ပြောပါတယ်။

“လွှတ်ပေးပြီးတာနဲ့ ပွင့်လင်းမြင်သာပြီးတော့မှ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တရပ်ကို အမြန်ဆုံး စတင်ဖို့ ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ တိုက်တွန်းတောင်း ဆိုထားတာပါ။ အခု တိုင်းရင်းသားနဲ့ တပ်မတော် အစိုးရ အဆက်ဆက် တိုင်းရင်းသားတွေရဲ့ တန်းတူညီ အခွင့်အရေးကို ဖော်ဆောင်နိုင်ခြင်း မရှိဘူး။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုင်းရင်းသားတွေ ကိုယ်နှိုက်က လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိဘူး။”

“နောက်တခါ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်းပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တရပ် ဘယ်တော့မှ မလုပ်ပေးပဲနဲ့ တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုဖို့ဆိုတာ လွှတ်တော်ထဲမှာလည်း မဖြစ်နိုင်ဘူး။ တင်ပြခွင့်လည်း မရဘူး။ အဲ့လို တင်ပြခွင့်မရ ဆွေးနွေးခွင့်မရတဲ့ အနေအထားမျိုး ဆိုလို့ရှိရင် တချိန်မှာ ကျနော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာနိုင်တယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်းပဲ မဖြစ်မနေ ထိခိုက်လာမှာပဲ ဒါကြောင့်မိုလို့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အားလုံးဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့အတွက် အဓိကထားပြီး ဒီ ၂ ချက်ကို တောင်းဆိုရခြင်းဖြစ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ၉ ဦးဟာ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရေးနဲ့ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေး အတွက် ဆွေးနွေး ပြီးနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ အဖမ်းခံရတာပါ။ သူတို့တွေကို နိုင်ငံတော်ပုန်ကန်မှု အပါအဝင် အခြား စွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို့ RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်း ပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။