နေပြည်တော်သို့ ချီတက်လမ်းလျှောက် အဖွဲ့ ညောင်လေးပင်ကို ရောက်ရှိ


2015.10.28

စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ဖို့နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေ ပယ်ဖျက်ပေးဖို့ အတွက်တောင်းဆိုပြီး ပဲခူးကနေ နေပြည်တော်ကို လမ်းလျှောက်နေတဲ့ ၈၈ ကရင်အမျိုးသား ကျောင်းသား အစည်းအရုံးဟာ ဒီနေ့ ညောင်လေးပင်မြို့ကို ရောက်သွားပြီဖြစ်ပါတယ်။

သူတို့အဖွဲ့မှာ ခြေထောက်မသန်သူတစ်ဦးအပါအဝင် စုစုပေါင်း ၆ ယောက် ပါဝင်လမ်းလျှောက်နေပြီး သူတို့တောင်း ဆိုချက်အတွက် သမ္မတဦးသိန်းစိန်နဲ့တွေ့ခွင့်ရဖို့ အခုလို မိုင်ရှည်ချီတက်လမ်းလျှောက် နေတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုအတွက် ငြိမ်းစုစီ ဥပဒေအရ ပဲခူးကနေ နေပြည်တော်ထိ ကြားမှာဖြတ်သန်းရမယ့် မြို့နယ် ၉ မြို့နယ်မှာ ခွင့်ပြုချက်တွေတောင်းခံထားပေမယ့် ရေတာရှည်မြို့နယ်က ခွင့်ပြုချက်ပေးဖို့ ငြင်းဆန်နေတယ်လို့ အဖွဲ့ခေါင်းဆောင် မနန်းမူခမ်းက RFA ကိုပြောပါတယ်။

"ကျမတို့ကို ခွင့်ပြုမိန့်အစီရင်ခံစာက တောင်ငူထိပေါ့နော်၊ ရေတာရှည်ကတော့ ခွင့်ပြုမိန့် အတင်မခံဘူး၊ သူတို့ပြောတာကတော့ ရွေးကောက်ပွဲလည်း နီးနေပြီ၊ နေပြည်တော် ဝင်ပေါက်ဖြစ်တော့ သူတို့က ခွင့်ပြုမိန့်မပေးတာတော့ မဟုတ်ဘူးပေါ့၊ သူတို့ခွင့်ပြုလို့မရဘူးပေါ့၊ ကျမတို့ကို အများကြီးရက်တွေနောက် ဆုတ် ခိုင်းတာပေါ့နော်"

သူတို့အဖွဲ့ဟာ နေပြည်တော်ကို နောက်သုံးရက်လောက်ကို အရောက်သွားဖို့ ရည်မှန်းထားတဲ့အတွက် တကယ်လို့ ကြားမြို့နယ်တခုခုက ခွင့်ပြုချက်မပေးရင် အဖွဲ့နဲ့မလျှောက်တော့ပဲ၊ အခြေခံဥပဒေပြဌာန်းချက်ပါ နိုင်ငံသား အခွင့်အရေးအရ တစ်ကိုယ်တော်လျှောက်ဖို့ ရည်ရွယ်ထားတယ်လို့ မနန်းမူခမ်းကပြောပါတယ်။

မနန်းမူခမ်းတို့အဖွဲ့ဟာ စပြီးလမ်းလျှောက်ခဲ့တဲ့ ပဲခူးတိုင်းအစပ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပြီး၊ ဒဏ်ငွေကျပ်တစ်သောင်း စီ အသီးသီးပြစ်ဒဏ်ချခံခဲ့ရပါတယ်။ အဲဒီနောက်ခွင့်ပြုချက်တင်ပြီး တနင်္လာနေ့မှာ ပဲခူးကနေ ထွက်လာကြတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။