ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ရန်ကုန်မှာ ကျင်းပ


2016.05.14
multi-religious-marching-620.jpg ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ဆုတောင်းပွဲကို မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပနေစဉ်
Photo: Kyaw Htoon Naing/ RFA

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ဆုတောင်းပွဲကို ရန်ကုန်နိုင် ငံရေးသိပ္ပံကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းမှာ မတူကွဲပြားမှုတွေကို လက်ခံတဲ့ ယဉ်ကျေးမှုတွေ တိုးပွားလာစေဖို့အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက် ဆုတောင်းပွဲ ကျင်းပတာဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းသား ကိုဘုန်းထက်နောင်က ပြောပါတယ်။

"ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းသားတွေထဲမှာလည်း လူမျိုးမတူတဲ့သူတွေ၊ ဘာသာမတူတဲ့သူတွေ အများကြီးပါပါတယ်၊ အဲ့ကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီ ယဉ်ကျေးမှုဖြစ်တဲ့ မတူကွဲပြားတာကို လက်ခံဖို့၊ မတူကွဲပြားတာကို လေးစားဖို့၊ သည်းခံဖို့၊ အဲ့ဒီယဉ်ကျေးမှုတွေ တိုးပွားလာအောင် ကျနော်တို့ ဒီလမ်းလျှောက်ပွဲပြုလုပ်ခြင်းဖြစ်ပါတယ်"

ပါဝင်ဆုတောင်းသူတွေဟာ ရန်ကုန်မြို့ တာမွေရဲစခန်းနားကနေ ရန်ကုန်မြို့တော် ခန်းမရှေ့က မဟာဗန္ဓုလ ပန်းခြံထိ လမ်းလျှောက်ဆုတောင်းခဲ့ပြီး လမ်းတစ်လျှောက်က ဘာသာရေး အဆောက်အဦးတွေရှေ့မှာ သက်ဆိုင်ရာ ဘာသာအလိုက် ဝတ်ပြုဆုတောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလမ်းလျှောက်ဆုတောင်းပွဲအတွက် ခွင့်ပြုချက်ကြိုတင်ခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်စိန်မှန်ကွင်းနဲ့ လူထုဟစ်တိုင်ကွင်းတွေ မှာ ပြောင်းရွှေ့ကျင်းပဖို့ အကြောင်းပြန်ခဲ့ပြီး ဒီနေ့ဆုတောင်းပွဲကျင်းပတဲ့ လမ်းတစ်လျှောက်မှာလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုထား တဲ့နေရာမှာသာ သွားရောက်ဆုတောင်းကြဖို့ လာရောက်ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ဆုတောင်းသူတွေကတော့ မူလစီစဉ်ထားတဲ့ အတိုင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ထိ သွားရောက်ပြီး လမ်းလျှောက်ဆုတောင်းခဲ့ ကြပါတယ်။

အဲဒီဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ဆုတောင်းပွဲကို "ချစ်ခြင်းနဲ့ လှမ်းတဲ့ ခြေလှမ်းတွေ" လို့ အမည်ပေးထားပြီး ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းသားတွေ နဲ့ ဘာသာပေါင်းစုံက စိတ်ပါဝင်စားသူတွေ စုစုပေါင်း ၁၀၀ လောက် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။