လူနည်းစုဘာသာတွေကို မြန်မာစစ်တပ် နှိပ်ကွပ်နေဆဲလို့ အမေရိကန်ပြော
2023.05.15
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လူနည်းစုဘာသာဝင်တွေကို ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီကနေ့ ပြောလိုက်ပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ဆရာ၊ဆရာမတွေဟာ မတူညီတဲ့ ဘာသာလူမျိုးအချင်းချင်းကြား လေးစားမှုရှိဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ သင်ကြားပေးနေတာတွေလည်း တွေ့ရတယ်လို့ သူကပြောခဲ့ပါတယ်။
စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို အန်တုပြီး အဲဒီလို ရဲရဲရင့်ရင့်နဲ့ အသိပညာ ဖြန့်ဝေပေးနေတဲ့သူတွေဘက်ကနေ အမေရိကန်ပြည်ထောင်စုက အမြဲရပ်တည်နေပြီး၊ ထောက်ခံအားပေးသွားမယ်လို့ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့လုပ်ရပ်တွေကို အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပြီး၊ အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ခရစ်ယာန်ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ရိုဟင်ဂျာတွေ လွတ်လပ်စွာခရီးသွားလာခွင့်မရ ဖိနှိပ်ခံနေရတာတွေကို ဖော်ပြထားပါတယ်။
၂ဝ၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ အယောက် ၂၂၄၀ ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Hussain ကလည်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်တာတွေ ဆက်လုပ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲပဲလို့ ဒီနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်သူတွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်က ဆက်လက်ဖိအားပေးသွားဖို့ရှိပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက စစ်တပ်နဲ့ ဆက်နွယ်သူပေါင်း ၇၄ ဦးနဲ့ အဖွဲ့အစည်းလုပ်ငန်းပေါင်း ၂၉ ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။