မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လူ ငါးသောင်းထွက်ပြေးနေရ
2023.08.02

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် လူငါးသောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဒီပဋိပက္ခကို မဖြေရှင်းနိုင်တဲ့အတွက် အစိုးရအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့ AFP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
မေလကတည်းက ဖြစ်ပွားနေတဲ့ ကသည်းနဲ့ ကူကီး လူမျိုးတွေကြား လက်နက်ကိုင်ပဋိပက္ခကြောင့် အနည်းဆုံး လူ ၁၂ဝ ဦး သေဆုံးခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။
မဏိပူပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ တည်ရှိနေတာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေကြား သဘောထားတင်းမာနေတာ အချိန်ကာလကြာမြင့်နေပြီဖြစ်ပါတယ်။
မြေယာနဲ့ အလုပ်အကိုင်ရရှိရေး ပြိုင်ဆိုင်မှုတွေအပါအဝင် အကြောင်းချင်းရာအမျိုးမျိုးကြောင့် အဓိကရုဏ်း စတင်ဖြစ်ပွားလာတာဖြစ်ပြီး အကြမ်းဖက်မှုတွေကို မတားဆီးနိုင်တဲ့အပေါ် ပြည်နယ်အစိုးရကို နှစ်ဖက်စလုံးက ပြစ်တင်ပြောဆိုနေကြပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah ကတော့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မျှမျှတတ စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပြီး မဏိပူပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှုတွေက ဆက်ဖြစ်နေဆဲဖြစ်ပြီး ပဋိပက္ခကြား အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသူတွေက မကျေမနပ်ဖြစ်ကြပါတယ်။