အိန္ဒိယနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်ဖို့ စစ်ကောင်စီတုံ့ပြန်

RFA Burmese
2025.03.13
အိန္ဒိယနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်ဖို့ စစ်ကောင်စီတုံ့ပြန် စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့နိုင်ငံရေးသမားတွေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၁၂ ရက်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲကို ထည့်သွင်းဖို့ Bharatiya Janata Party (BJP) ပါတီရဲ့ မဏိပူရ်ပြည်နယ် လွှတ်တော်အမတ် လေရှမ်ဘ ဆာနာဂျောင်ဘ (Leishemba Sanajaoba) က အိန္ဒိယအစိုးရကို အထက်လွှတ်တော်မှာ တောင်းဆိုခဲ့တာပါ။

မြန်မာ-အိန္ဒိယနယ်စပ်ဟာ မိုင်ပေါင်း ၁၀၁၀ ကျော် ရှည်လျားပြီး အဲဒီအထဲက အများစုဖြစ်တဲ့ ၉၀၇ မိုင်ကျော် တိုင်းတာထားပြီးဖြစ်သလို အခုပြောဆိုနေကြတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဟာလည်း အရင်ကတည်းက တိုင်းတာထားပြီးသားဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

အိန္ဒိယနဲ့ အရင်က သဘောတူထားတဲ့အတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးရပ်အတိုင်း နေထိုင်ကြောင်းနဲ့ အိန္ဒိယနယ်မြေကိုသုံးပြီး မြန်မာကိုဆန့်ကျင်တဲ့ အုပ်စုတွေကို မလိုလားသလို မြန်မာနယ်မြေကိုသုံးပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်သူတွေကို မြန်မာမှာ လက်ခံမထားဘူးလို့လည်း ဆိုပါတယ်။

ဒီလိုအခြေအနေတွေ ကြုံတွေ့လာရတာက အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီလိုဖြစ်လာတာဟာ အာဏာသိမ်းလို့ ERO နဲ့ PDF တွေရဲ့ လက်နက်ကိုင်အဖွဲ့များစွာ ပေါ်လာတာ၊ အင်အားကြီးထွားလာတာ၊ နယ်မြေတွေ သိမ်းပိုက်ထိန်းချုပ်လာနိုင်မှုတွေကြောင့် စစ်အစိုးရရဲ့ ထိန်းချုပ်မှုမရှိတော့တဲ့ကာလမှာ အိန္ဒိယရဲ့ အမြင်ပြောင်းလဲလာမှုတွေလို့ ပြောလို့ရတယ်"

ကဘော်ချိုင့်ဝှမ်းဒေသဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီး စစ်ကိုင်းတိုင်းအနောက်ပိုင်း ကလေးနဲ့ တမူးမြို့နယ်အတွင်းမှာ တည်ရှိပြီး ချင်း၊ ဗမာ၊ ရှမ်းနီနဲ့ ကသည်းလူမျိုးတွေလည်း နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။