မြန်မာကြောင့် အာရှလမ်းမစီမံကိန်း ရပ်ဆိုင်းနေကြောင်း အိန္ဒိယ ပြော
2025.02.26
မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် အိန္ဒိယ-ထိုင်း-မြန်မာ အဝေးပြေးလမ်းမ (IMTT) စီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း အိန္ဒိယ NDTV သတင်းက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ အာသံပြည်နယ်၊ ဂူဝါဟာတီမြို့က အစည်းအဝေးပွဲတစ်ခုမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရတ် ဂျိုင်ရှန်ကာ အခုလို ပြောခဲ့တာလို့ ဆိုပါတယ်။
“IMTT အဝေးပြေးလမ်းမ စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ရပ်ဆိုင်းနေပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဒီအကောင်အထည်ဖော်မှုကို ရှေ့ဆက်နိုင်ဖို့အတွက် လက်တွေ့ကြတဲ့အဖြေကို ရှာဖွေရမှာပါ"
IMTT အဝေးပြေးလမ်းမ စီမံကိန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၇၀ ရာခိုင်နှုန်း ပြီးမြောက်ထားပြီးဖြစ်တယ်လို့ NDTV က ဖော်ပြပါတယ်။
ကီလိုမီတာ ၁၄၀၀ ရှည်လျားတဲ့ အဝေးပြေးလမ်းမကြီးဟာ အိန္ဒိယကို အရှေ့တောင်အာရှနဲ့ ကုန်းလမ်းကနေ ဆက်သွယ်ပြီး သုံးနိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
IMTT အဝေးပြေးလမ်းမဟာ အိန္ဒိယနိုင်ငံ မိုးရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မြန်မာနိုင်ငံကတစ်ဆင့် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အစိုးရတွေက အဲဒီအမြန်လမ်းမ စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမတိုင်ခင် ပြီးမြောက်ဖို့ ရည်မှန်းထားခဲ့ပေမဲ့ နှောင့်နှေးကြန့်ကြာမှုတွေရှိနေတာဖြစ်ပါတယ်။