မြန်မာနိုင်ငံထဲကို မီဇိုရမ်ကနေ နိုင်ငံခြားသားတွေ ဝင်နေကြောင်း အိန္ဒိယပြော

RFA Burmese
2025.03.10
မြန်မာနိုင်ငံထဲကို မီဇိုရမ်ကနေ နိုင်ငံခြားသားတွေ ဝင်နေကြောင်း အိန္ဒိယပြော ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ထာရ် ဂိတ်တံတားအနီးမြင်ကွင်းအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံထဲ ဝင်ရောက်ဖို့အတွက် နိုင်ငံခြားသားတွေက မီဇိုရမ်ပြည်နယ်ကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုနေကြကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma) က ပြောလိုက်ပါတယ်။

မီဇိုရမ်လွှတ်တော်အစည်းအဝေး အမေးအဖြေကဏ္ဍမှာ ဝန်ကြီးက ပြောခဲ့တာဖြစ်ကြောင်း ဒေသအခြေစိုက် NorthEast Live သတင်းမှာ မတ်လ ၁ဝ ရက်နေ့က ဖော်ပြတာပါ။

၂ဝ၂၄ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ခြောက်လအတွင်း မီဇိုရမ်ပြည်နယ်ထဲကို နိုင်ငံခြားသား နှစ်ထောင်ကျော် ဝင်ရောက်လာခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံခြားသားဝင်ရောက်မှု များပြားခဲ့ပေမဲ့ မီဇိုရမ်ပြည်နယ်ထဲကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားဦးရေ နည်းပါးခဲ့တယ်လို့လည်း ထောက်ပြပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲဝင်ရောက်ခဲ့တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသား သတင်းထောက်တစ်ဦးကို အိန္ဒိယ အာဏာပိုင်တွေက မတ်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယ အခြေစိုက်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ ဘယ်လ်ဂျီယမ်သတင်းထောက်ထံကနေ ကျည်ခွံနှစ်ခုတွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့်ဟာ နှစ်နိုင်ငံက ဒေသခံတွေအတွက် အကျိုးရှိတာမှန်ပေမဲ့လည်း တစ်ဖက်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးတာတွေ မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။ ဒီအခြေအနေတွေဟာ နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် ဗဟိုအစိုးရအနေနဲ့ နယ်စပ်တစ်လျှောက် နိုင်ငံခြားသားဝင်ရောက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် Protected Area Permit (PAP) လို့ခေါ်တဲ့ ကန့်သတ်နယ်မြေထဲ နိုင်ငံခြားသားတွေဝင်ရောက်ခွင့်နဲ့ ပတ်သက်တဲ့အမိန့်ကို ပြန်လည်ထုတ်ပြန်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

မြန်မာနဲ့ အိန္ဒိယကြား လွတ်လပ်စွာ ကူးသန်းသွားလာခွင့် Free Movement Regime (FMR)ကို ဖျက်သိမ်းဖို့ အိန္ဒိယဘက်က ကြေညာခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့် ဗဟိုအစိုးရက စနစ်ကို ပြင်ဆင်ပြီး ပြန်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။