ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် မြန်မာ သတ်မှတ်ခံရ
2023.05.02

အမေရိကန်နိုင်ငံ အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF က မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံ Country of Particular Concern (CPC) အဖြစ် သတ်မှတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆိုးဆိုးဝါးဝါး ကျဆင်းနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
မေလ ၁ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ CPC စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်တာပါ။
ဒီနိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကယားပြည်နယ်တွင်းမှာလည်း ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။