မြန်မာစစ်တပ်ကို အရေးယူဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးလှုပ်ရှားတဲ့ ၅၁ ဖွဲ့ တောင်းဆို

RFA Burmese
2025.03.08
မြန်မာစစ်တပ်ကို အရေးယူဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးလှုပ်ရှားတဲ့ ၅၁ ဖွဲ့ တောင်းဆို နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ခရစ်ယာန် ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုကို တိုက်တွန်းကြောင်း အမေရိကန်အခြေစိုက် ခရစ်ယာန်ဘာသာရေးအဖွဲ့နဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက စာတစ်စောင် ရေးသားပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

မေရီလန်းပြည်နယ်အခြေစိုက် Burma Research Institute ကနေ ဦးဆောင် ပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဆီကို မတ်လ ၇ ရက်က ပေးပို့တဲ့ အဲဒီစာထဲမှာ အမေရိကန် နှစ်ခြင်းခရစ်ယာန်နဲ့ ကက်သလစ် ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ၊ အမေရိကန်အခြေစိုက် မြန်မာတိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ ၅၁ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာနိုင်ငံက နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေ၊ အခြား ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြား ဘာသာဝင်တွေဟာ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှု ခံနေရတဲ့အတွက် ဒီလုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုတာ ဖြစ်တယ်လို့ အမေရိကန် နှစ်ခြင်းခရစ်ယာန် ကျောင်းတော်များ အသင်း ABCUSA က ဘုန်းတော်ကြီး ဒေါ်တာ ရွမ် မက်ဒလေ က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြင့်လာပါတယ်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင် အမေရိကန်အစိုးရ ပါဝင်ကူညီဖို့ လိုအပ်ပါတယ်လို့ Burma Research Institute ရဲ့ ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန် က ပြောပါတယ်။

တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က ခရစ်ယာန် ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ခြင်းဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်လာမှာဖြစ်ပြီး စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ခရစ်ယာန် ဘာသာဝင်တွေ အပါအဝင် လူနည်းစု အားလုံးကို အကာအကွယ်ရဖို့ ဖြစ်လာမယ်လို့ ဒီအိတ်ဖွင့်ပေးစာကို ဦးဆောင်ပေးပို့ခဲ့တဲ့ Burma Research Institute က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။