ကျောင်းသားတွေ အကြမ်းမဖက်ဖို့ ဧရာဝတီသပိတ် စစ်ကြောင်း တောင်းဆို
2015.03.10

အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေ တဲ့ ကျောင်းသားတွေနဲ့ ရင်ဆိုင်ဖြေရှင်းရာမှာ အကြမ်း ဖက်တဲ့ နည်းလမ်းတွေ မသုံးဖို့ နိုင်ငံတော်သမ္မတထံ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းက တင်ပြလိုက် ပါတယ်။
အကြမ်းဖက်တဲ့နည်းလမ်းတွေ သုံးတဲ့အတွက် တိုင်းပြည် ဂုဏ်သိက္ခာကျဆင်းရကြောင်း နိုင်ငံတော်သမ္မတထံ တင်ပြတာဖြစ်တယ်လို့ ဧရာဝတီသပိတ် စစ်ကြောင်းမှာ ပါဝင်တဲ့ သရုပ်ပြဆရာ ဦးဝေယံအောင် က ပြောပါတယ်။
"အကြံပြုချက်တွေမှာတော့ ခေတ်အဆက်ဆက် မှာ ကျောင်းသားတွေ သွေးချောင်းစီးတာတွေဖြစ်ခဲ့ တယ်၊ အကြမ်းဖက်တွေသုံးတဲ့အတွက် တိုင်းပြည်ရဲ့ မျက်နှာ၊ တိုင်းပြည်ရဲ့သိက္ခာကလဲတော်တော့်ကို ဆုံးရှုံးခဲ့တယ်၊ အကျိုးစီးပွားတွေလည်းဆုံးရှုံးခဲ့တယ်၊ ဒါတွေ အကုန်လုံးကို လုံးဝမဖြစ်စေချင်ဘူး၊ နောက် တစ်ခုကတော့ ၅ ရက် ၃ လ ၂၀၁၅ မှာ ဖြစ်တဲ့ကိစ္စဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတဲ့ ပဋိပက္ခကြီးကို ဖိတ်ခေါ်နေတဲ့အရိပ် အယောင်မျိုးတွေရှိနေတယ်၊ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ်ဖြေရှင်းတဲ့ဟာ ကိုတော့ အဲ့ဒါတွေအားလုံးအဆုံးသတ်စေမယ့် အဖြေမျိုးဖြစ်သင့်တယ်ဆိုတာမျိုးကို အကြံပေးတာပါ"
သပိတ်စစ်ကြောင်းက စာကို မအူပင်ကျောင်းသားသမဂ္ဂနဲ့ ဟင်္သတ ခရိုင်ကျောင်းသား သမဂ္ဂတို့က နိုင်ငံတော် သမ္မတရုံး ဝက်ဆိုက်ဘ်ကနေ တဆင့်ပေးပို့ ခဲ့တာဖြစ်ပါတယ်။
လက်ပံတန်းမြို့မှာ ပိတ်မိနေတဲ့ ပင်မသပိတ်စစ်ကြောင်းက မတ် ၁၀ ရက်နေ့ ၁၀ နာရီနောက်ဆုံးထားပြီး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကြောင့် အစိုးရနဲ့ ကျောင်းသားတွေအကြား ထိပ်တိုက်တွေ့ဆုံမှာကို စိုးရိမ်ကြောင်း လည်း အဲ့ဒီအကြံပြုစာမှာ ဖော်ပြထားပါတယ်။