ဒါရိုက်တာရှင်ဒေဝီကို ပြန်လွှတ်ပေးဖို့ ဥရောပရုပ်ရှင်အဖွဲ့အစည်းတွေ တောင်းဆို

RFA Burmese
2024.01.24
ဒါရိုက်တာရှင်ဒေဝီကို ပြန်လွှတ်ပေးဖို့ ဥရောပရုပ်ရှင်အဖွဲ့အစည်းတွေ တောင်းဆို မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ။
ပန်းချီ၊ ဓာတ်ပုံ ကိုဦး

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဥရောပအခြေစိုက် ရုပ်ရှင်အဖွဲ့အစည်းတွေက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အန္တရာယ်ကျရောက်နေတဲ့ ရုပ်ရှင်ရိုက်ကူးသူများ ကာကွယ်စောင့်ရှောက်‌ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ (International Coalition for Filmmakers at Risk)၊ ရော့တာဒမ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အဖွဲ့ (International Film Festival Rotterdam)၊ အမ်စတာ ဒမ် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်အဖွဲ့ (International Documentary Film Festival Amsterdam) နဲ့ ဥရောပ ရုပ်ရှင်အကယ်ဒမီ (European Film Academy ) တို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။

ရှင်ဒေဝီကို အခုလို ပြင်းထန်တဲ့ထောင်ဒဏ် ချမှတ်လိုက်တာဟာ မြန်မာစစ်အစိုးရက သူနဲ့သဘောထားကွဲလွဲသူတွေအပေါ် မညှာမတာ နှိပ်ကွပ်နေတယ်ဆိုတာကို ပြနေတယ်လို့ ရုပ်ရှင်ရိုက်ကူးသူများ အန္တရာယ်ကာကွယ်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ (ICFR) တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဥရောပရုပ်ရှင်အကယ်ဒမီ ဥက္ကဋ္ဌ Mike Downey က ပြောပါတယ်။

စစ်အစိုးရဟာ သူ့အပေါ်ဝေဖန်သူတွေ ကြောက်ရွံ့သွားအောင်၊ လွတ်လွတ်လပ်လပ် သတင်းရယူထုတ်ဖော်တာတွေကို ဖိနှိပ်ကန့်သတ်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ လုပ်ဆောင်နေတာလို့ Mike Downey က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေကြောင်း၊ ICFR အဖွဲ့အနေနဲ့ ရှင်ဒေဝီ လွတ်မြောက်ရေးအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အကျဉ်းကျနေတဲ့ ရှင်ဒေဝီရဲ့ကျန်းမာရေးအတွက် အလွန်စိုးရိမ်သလို ရှင်ဒေဝီ အပါအဝင် အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ICFR အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှင်ဒေဝီကို ပြန်လွှတ်ပေးရေးအတွက် မြန်မာစစ်ကောင်စီကို တောင်းဆိုကြဖို့လည်း ကမ္ဘာတစ်ဝန်းက ရုပ်ရှင်နဲ့ အနုပညာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။

ရှင်ဒေဝီဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးမှာ အသုံးပြုဖို့အတွက် အွန်လိုင်းကနေ မှာယူထားတဲ့ ဒရုန်းကင်မရာကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ သွားယူချိန် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူဟာ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအရေးအခင်းအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး သံဃာတွေကို စစ်တပ်က လက်နက်နဲ့ အင်အားသုံးဖြိုခွဲတဲ့အကြောင်း မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။ အဲဒီအချိန်က ဒီဗွီဘီသတင်းဌာနအတွက် ပြည်တွင်းကနေ သတင်းတွေပေးပို့ခဲ့ပြီး စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

၂၀၁၀ ခုနစ်အထိ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် ရပ်တည်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်တွေဟာ ဆုတွေ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။