ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းဖို့ NLD ဆုံးဖြတ်

RFA Burmese
2025.02.08
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းဖို့ NLD ဆုံးဖြတ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။
AFP

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းကြဖို့နဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မပူးပေါင်းကြဖို့ အပါအဝင် ဆုံးဖြတ်ချက် ၉ ခုကို အွန်လိုင်းကတစ်ဆင့် ဖေ‌ဖော်ဝါရီ ၈ ရက် ဒီနေ့ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာပါဝင်ဖို့ NLD ပါတီကိုရော ကမ်းလှမ်းခဲ့တာ ရှိခဲ့သလားလို့ RFA ကမေးမြန်းတဲ့အခါ စစ်ကောင်စီနဲ့ ဆက်ဆံရေးလမ်းကြောင်း မရှိဘူးလို့ NLD နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီနဲ့ NLD ကြားမှာ ဆက်ဆံရေးလမ်းကြောင်း ယနေ့အထိ မရှိသေးပါဘူး“

စစ်အာဏာသိမ်းတဲ့အတွက် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့အခါ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံမဆွေးနွေးဘဲ ပြေလည်နိုင်မှာ မဟုတ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ညီညွတ်ရေးကို ဦးစားပေးဖို့၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် တိုင်းရင်းသားတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျကျ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ဆုံးဖြတ်ချက် ၉ ခုကို အတည်ပြုခဲ့ကြတယ်လို့လည်း ပြောပါတယ်။

အွန်လိုင်းအစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ အရန်ဗဟိုကော်မတီဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီဝင်တွေ စုစုပေါင်းအယောက် ကိုးဆယ် တက်ရောက်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း NLD ပါတီဝင် ၂,၆၀၀ ကျော် အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၀၀၀ ကျော်ဖမ်းဆီးခံထားရတဲ့အပြင် လေကြောင်း၊ လက်နက်ကြီး၊ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် လူပေါင်း ၅၁၄၀ သေဆုံးခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။