ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်း ဖို့ ရှမ်းနဲ့ကယားကျောင်းသားတွေ စတင်ချီတက်မည်
2015.03.04

လက်ပံတန်းမြို့အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို ရန်ကုန်မြို့ဆီ ဆက်လက်သွားခွင့်ပြုဖို့ တောင်ကြီးနဲ့ ရန်ကုန်မြို့တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြို့ ခံတွေက ဆန္ဒပြ တောင်းဆိုကြပါတယ်။
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ရှမ်းပြည် နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဒီနေ့ တောင်း ဆိုတာဖြစ်ပြီး သမဂ္ဂခေါင်းဆောင် ကိုဝင်းနိုင်ဦးက လက်ပံ တန်းက ကျောင်းသားစစ်ကြောင်းကို ဆက်လက် ချီတက် ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်လို့ ပြော ပါတယ်။
"ဒီနေ့လှုပ်ရှားတဲ့အစီအစဉ်ကတော့ ပင်မသပိတ် စစ်ကြောင်းကို အကြမ်းဖက် တားဆီးခြင်းမပြုဖို့နဲ့ ရန်ကုန်ထဲကိုပေးဝင်ဖို့ အဲ့ဒါကို အစိုးရကိုတောင်းဆို တဲ့အနေနဲ့ ကျနော်တို့ဒီလှုပ်ရှားမှုကိုလုပ်တာပါ ပင်မသပိတ်စစ်ကြောင်းကို လက်တွေ့သွားနေတဲ့ စစ်ကြောင်း ကို ကျနော်တို့ကဆက်သွားစေ ချင်တယ်၊ ကျောင်းသားတွေဆုံးဖြတ်ချက် လဲမှန်တယ်၊ ရန်ကုန်ထဲကိုလဲ ငြိမ်း ချမ်းစွာဝင်မှာဖြစ်တဲ့အတွက်ကြောင့် ဘယ်လို အကြမ်းဖက်မှုမျိုးမှ ဝင်လာမှာမဟုတ်လို့ယုံတယ်"
ဒါ့အပြင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နဲ့ ကယား ပြည်နယ်(ကရင်နီပြည်) ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး သပိတ် စစ်ကြောင်းတစ်ခု ဖွဲ့စည်းသွားမယ်လို့ ဒီနေ့ ပူးတွဲကြေညာချက် ထုတ်လိုက်ပါတယ်။
အဲ့ဒီသပိတ်စစ်ကြောင်းဟာ ကယားပြည်နယ် ဒါမှမဟုတ် ရှမ်းပြည်နယ်ကနေ စတင်ချီတက်မှာဖြစ်ပြီး ပင်မသပိတ် စစ်ကြောင်းနဲ့ သွားရောက်ပူးပေါင်းမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးမှာလည်း ကျောင်းသား ကျောင်းသူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကျောင်း သားသပိတ်ကိုမဖြိုခွဲဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အခုလို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂဝင်တွေက သပိတ် စစ်ကြောင်းတစ်ရပ်ဖွဲ့ပြီး ပင်မသပိတ် စစ်ကြောင်းနဲ့ သွားရောက်ပူးပေါင်းဖို့၊ ဆုံးဖြတ် လိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာကျောင်းသား သမဂ္ဂခေါင်းဆောင်တွေရဲ့ပြောဆိုချက်တွေကို RFA ဝိုင်းတော်သူ မခက်မာက စုစည်း တင်ပြထားတာ နားဆင်နိုင် ပါတယ်။