ကျောင်းသားပင်မသပိတ် စစ်ကြောင်း မတ်လ ၁ ရက်နေ့ ရန်ကုန်သို့ ချီတက်မည်


2015.02.25
mdy-students-march-305 အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။
Photo: Nay Thwae/RFA

လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက လာမယ့် မတ်လ ၁ ရက်နေ့မှာ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန် ကို ဆက်လက် ချီတက်ကြမယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်က အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်နိုင်ဖို့ ကြားနာပွဲတွေကို လာမယ့် မတ်လ ၅ ရက်နေ့ကနေ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ် လို့ ကြေညာထားပါတယ်။

ဥပဒေကြမ်းကို အတည်ပြုဖို့ အချိန်ဆွဲနေတယ်လို့ ယူဆ တဲ့အတွက် ချီတက်ကြမှာ ဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီဟဝင်းတင် က ဒီကနေ့ ပြောပါတယ်။

"အခြေအနေကများသောအားဖြင့် ပြန်ထွက်ဖို့ များတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ခုထက်ထိကို တိကျခိုင်မာတဲ့ လုပ်နည်းလုပ်ဟန်တွေကို မတွေ့ရဘူး၊ ပြီးတော့ ဒီဥပဒေကို အချိန်ဆွဲနေတယ်လို့မြင်နေ ရတယ်၊ ၁ ရက်နေ့မှာ ကျနော်တို့ကြေညာချက် အတိုင်း ပေါ့နော်၊ တကယ်လို့သူတို့ဘက်ကသာ ခိုင်မာ တိကျတဲ့ဟာမဖြစ်ဘူး၊ ဥပဒေမူကြမ်းကိုလဲ အတည်ပြုမပြဌာန်းပေးဘူးဆိုရင် ကျနော်တို့က ဖြစ်တဲ့နည်းနဲ့ ရအောင်ထွက်လာမှာပဲ "

ပညာရေးဥပဒေမူကြမ်းအပေါ် ကြားနာပွဲတွေမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် ကျောင်းသား သပိတ်ကို ထောက်ခံတဲ့ ပြည်သူ ၂၀ ဦး၊ မှတ်ပုံတင်ထားတဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းကိုယ်စားလှယ် ၂၀ ဦး နဲ့ အကြံပြုစာပေးပို့ထားသူတွေကို ဖိတ်ကြားသွားမယ်လို့ ကြေညာထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

လက်ပံတန်းမြို့မှာ ခေတ္တရပ်နားနေတဲ့ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦး ဖြစ်သူ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဆရာ ဦးသန်းထိုက် အောင်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။