စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ တောင်ကိုရီးယားမှာ ဆန္ဒပြတောင်းဆို
2025.01.28

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးဖို့ တောင်ကိုရီးယားရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဇန်နဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့မှာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက စစ်ခေါင်းဆောင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို အပြစ်ပေးအရေးယူနိုင်ရေး ဖမ်းဝရမ်းထုတ်ဖို့ကို တောင်းဆိုဆန္ဒပြခဲ့တာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
“လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က မင်းအောင်လှိုင်ဦးစီးတဲ့အပေါင်းအပါတွေက စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာအများကြီးပါပဲ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အကြောင်းမဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေ ပြောမကုန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လျှော့ပေါ့ပေးလို့ မရပါဘူး”
အသက်အိုးအိမ်နဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ဖျက်ဆီးခံထားရတဲ့မြန်မာပြည်သူတွေရဲ့အသံတွေကို ကြားနိုင်ဖို့၊ လူ့အခွင့်အရေးကာကွယ်ဖို့အတွက် နိုင်ငံတကာက အရေးယူမှုတွေကို အမြန်ဆုံးဆောင်ရွက်ဖို့နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သတ်ဖြတ်တဲ့ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်က တာဝန်ရှိသူအဖြစ် နိုင်ငံတကာ သိရှိအောင် တောင်းဆိုတာလို့ ဆန္ဒပြသူတွေကပြောပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် စစ်ခေါင်းဆောင်မှာ တာဝန်အရှိဆုံးဖြစ်ပြီး ပြစ်မှုတွေအတွက် တရားမျှတမှု အလိုရှိကြောင်းလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေ အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။