ထိုင်းနဲ့မလေးရှားရောက် မြန်မာတွေကို ပြန်မပို့ဖို့ ဗြိတိန်ရောက် မြန်မာတွေ တောင်းဆို

RFA Burmese
2025.03.04
ထိုင်းနဲ့မလေးရှားရောက် မြန်မာတွေကို ပြန်မပို့ဖို့ ဗြိတိန်ရောက် မြန်မာတွေ တောင်းဆို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်မပို့ရန် မြန်မာ့အရေးလှုပ်ရှားသူများမှ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က ဆန္ဒပြနေစဉ်။
Stars of Myanmar Friendship

ထိုင်းနဲ့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်မပို့ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ မလေးရှားသံရုံးနဲ့ ထိုင်းသံရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက မတ်လ ၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနဲ့မလေးရှားမှာရှိတဲ့ မြန်မာရွှေ့ပြောင်းတွေကို ပြန်လည်ပို့ဆောင်ရာမှာ စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ လူသာဒိုင်းအဖြစ် အသုံးချခံနေရတာတွေကြောင့် မြန်မာနိုင်ငံကို ပြန်မပို့ဖို့ တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်တဲ့ Stars of Myanmar Friendship အဖွဲ့က မဂျူလီခိုင်က RFA ကို ပြောပါတယ်။

"မလေးရှားအစိုးရရော ထိုင်းအစိုးရကိုပါ ကျွန်မတို့နိုင်ငံသားတွေ ဘယ်လောက်အခက်အခဲဖြစ်နေလဲ။ ပြန်ပို့ရင် သေတွင်းကို ပို့တာနဲ့အတူတူပဲ။ ပြန်ပို့ရင် စစ်တပ်လက်ထဲကို အပ်လိုက်တာနဲ့အတူတူပဲ။ စစ်တပ်က ဒီလိုမျိုးပြန်ပို့ရင် စစ်သားစုဆောင်းရေးထဲထည့်မှာပဲ။ ပါတဲ့သူလည်း ပါသွားကြတယ်။ အဲဒီအတွက်ကြောင့် ပြန်မပို့ပါနဲ့။ မလေးရှားက ဒီနှစ်မှာအာဆီယံ ဥက္ကဌ၊ မြန်မာတွေကို လူသားချင်းစာနာမှုအနေနဲ့ တစ်ခုခုစဉ်းစားပေးပါတော့ အဲဒါလည်း ပြောခဲ့ပါတယ်"

ထိုင်းနဲ့မလေးရှားတာဝန်ရှိသူတွေအနေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးချိုးဖောက်ခံနေရတာကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေရဲ့တောင်းဆိုချက် အိတ်ဖွင့်ပေးစာကို ထိုင်းနဲ့မလေးရှားသံရုံးတာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပြီး မြန်မာ့အရေးအတွက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ မဂျူလီခိုင်က ပြောပါတယ်။ ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ရာနီးပါးပူးပေါင်းပါဝင်ခဲ့ပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း မလေးရှားနိုင်ငံမှာ ဖမ်းဆီးထားတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးကနေတစ်ဆင့် ပြန်ပို့လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာ ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးနောက် ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား အယောက် နှစ်ရာကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံပြန်ပို့ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။