လူ့အခွင့်အရေးနေ့ ဆန္ဒပြလူငယ်နှစ်ဦး ဖမ်းဆီးထောင်ချခံရ
2025.02.07

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားခဲ့တဲ့ ရွှေပြည်သာ သပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရန်ကုန် အင်းစိန်ထောင်တွင်းကနေ စစ်ခုံရုံးကို ခေါ်ထုတ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ရွှေပြည်သာသပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။
စစ်ကောင်စီက ဆန္ဒပြလူငယ်တွေတွေ မတရားဖမ်းဆီးထောင်ချနေတာလို့ ကိုရန်နောင်ကြည်ဝင်းရဲ့ အစ်ကိုဖြစ်သူ ရန်ကုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမှတ်-၅၁၀၁ တပ်ရင်းမှူး ကိုသူဇော်ကြည်ဝင်းက ပြောပါတယ်။
“ဖမ်းခံရပြီးတော့ ဒီလို မတရားအမိန့်ချမယ်ဆိုတာ ကြိုသိပါတယ်။ သူ့လိုမျိုးပဲ အခြားရဲဘော်တွေလည်း မတရားအမိန့်တွေနဲ့ ချမှတ်ခံရတာပါပဲဆိုတော့ ကျွန်တော်တို့ အပြင်မှာ ရှိနေကြတဲ့သူတွေက ပိုပြီးလုပ်ကြရမှာပဲ”
ထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ်နှစ်ဦးထဲမှာ ကိုရန်နောင်ကြည်ဝင်းက အာဏာသိမ်းကာလအတွင်း ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခံရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလကလည်း လက်နက်အက်ဥပဒေ ၁၉(စ)နဲ့ ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်လို့ လူနှစ်သောင်းကျော် (၂၁,၇၈၇ ဦး) ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲကက ထက်ဝက်ခန့် (၁၀,၂၇၆ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။