မြေယာအငြင်းပွားဖြစ်နေတဲ့ စဉ့်ကူးက ရွာနှစ်ရွာကို စစ်ကောင်စီက တစ်ပတ်အတွင်း ပြောင်းခိုင်းနေ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်တပ်နဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ငွေတောင်ရွာနဲ့ ညောင်ဝန်းရွာက ရွာသားတွေကို တစ်ပတ်အတွင်း ပြောင်းရွှေ့ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စစ်တပ်က ခြိမ်းခြောက် ပြောခဲ့တယ်လို့ ညောင်ဝန်းရွာ ဒေသခံတွေက ပြောပါတယ်။
မြေယာပြဿနာကို စစ်တပ်နဲ့ တောင်သူတွေ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး စဉ့်ကူးတရားရုံးမှာ တရား ရင်ဆိုင်နေဆဲဖြစ်ပြီး ခုချိန်မှာ လက်နက်နဲ့ ခြိမ်းခြောက်ပြောင်းရွှေ့ဖို့ ဖိအားပေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ဝန်းရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
"၂၄ ရက်နေ့က စစ်ကား သုံးစီး အင်အား ၄၀ လောက်ရောက်လာပြီး ရွာကို အစည်းဝေးခေါ်တယ်။ တစ်ပတ်အတွင်း မပြောင်းရင် ရွာကို မီးရှို့မယ်။ အဲဒီအချိန်ကျမှ ထွက်ပြေးရင် ပစ်သတ်မယ်ဆိုပြီးပြောလို့ ရွာက ကြောက်ပြီး အိမ်တွေ ဖျက်နေကြရတယ်။ ဖျက်သာ ဖျက်ရပေမယ့် နေစရာကမရှိတော့ ကျွန်းပင် တွေအောက် နေတဲ့သူနဲ့ တောင်ခြေမှာ သွားနေရသူတွေနဲ့ ဒုက္ခရောက်နေပါတယ်။ လက်နက်နဲ့လာလို့ ကြောက်လို့သာ ဖျက်ကြရတာ နေစရာမရှိကြတော့ဘူး"
မန္တလေးနန်းတွင်းက ၁၂၁ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်နဲ့ ဒေသခံတို့ဟာ အဲဒီမြေနေရာမှာ မြေယာ အငြင်းပွားကြရင်း ၂၀၁၉ ခုနှစ်မှာ စစ်တပ်က တရားလိုလုပ်ပြီး ဒေသခံ ၁၀၀ ကျော်ကို စစ်တပ်ပိုင် နယ်မြေ ကျူးကျော်မှုနဲ့ စဉ့်ကူးတရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ညောင်ဝန်းရွာနဲ့ ငွေတောင်ရွာက မြေဧက ၃၀၀၀ ကျော်ကို ၁၉၇၂ ခုနှစ်မှာ လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲသိမ်းယူခဲ့ပြီး ဂရိတ်ဝေါကုမ္ပဏီကို ငှားရမ်းခဲ့ပါတယ်။
ကုမ္ပဏီက မြေယာအားလုံးကို အသုံးမပြုနိုင်တဲ့အတွက် ၂၀၁၀ ခုနှစ်မှာ ဒေသခံတွေက ခုတ်ထွင်ရှင်းလင်းပြီး နေအိမ်တွေ ဆောက်လုပ်နေထိုင်ကြသလို တောင်ယာလုပ်ငန်းအတွက်လည်း အသုံးပြုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့တရက်တည်းမှာပဲ စဉ့်ကူးမြို့နယ် ရေထွက်ကြီးရွာကိုလည်း စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး ရွာသားတွေကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ သတိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ရွာသုံးရွာပေါင်းရင် ဒေသခံ ရွာသားစုစုပေါင်း တစ်ထောင်နီးပါးလောက်ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေး နန်းတွင်း ၁၂၁ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ကို အဲဒီရွာတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။