စစ်အာဏာသိမ်း တစ်နှစ်ပြည့် အသံတိတ်ငြိမ်သက်သပိတ် ပြုလုပ်မည်

စစ်အာဏာသိမ်း တစ်နှစ်ပြည့်အနေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်သွားဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက သပိတ်ကော်မတီတွေက ဆုံးဖြတ်ထားကြပါတယ်။
ရန်ကုန်သပိတ်ကော်မတီမှာ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားအဖွဲ့ ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက လက်ရှိမြန်မာပြည်သူလူထုဟာ စစ်အာဏာရှင် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံ ရေး၊ တရားရေး ဖိအားတွေကြောင့် ကိုယ်နေထိုင်ခဲ့တဲ့နေရာတွေကို စွန့်ခွာ ထွက်ပြေးနေ ကြရပေမယ့် ၂ဝ၂၂ ခုနှစ်မှာ အောင်ပွဲနဲ့အတူ ပြန်နေထိုင်ခွင့်တွေရဖို့ ❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားတာလို့ ပြောပါတယ်။
ဒါဟာတိုက်ပွဲခေါ်သံ တစ်ခုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ တိတ်ဆိတ်ငြိမ်သက် ခြင်း သပိတ်ကို မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး ညနေ ၄ နာရီအချိန် မှာတော့ လက်ခုပ်တီး အားပေးတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်လှုပ်ရှားမှု ကြောင့် ပြည်သူတွေကြုံလာရမယ့် အခက်အခဲတွေကို နားလည်သိရှိပေမယ့် မြန်မာ့ နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်တယ်လို့ ကိုနန်းလင်းက ပြောပါတယ်။
၂ဝ၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တစ်ကြိမ်၊ ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ တစ်ကြိမ်ပြုလုပ်ခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေကို စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာတွေနဲ့ တပ်ဖွဲ့ဝင်တွေက ဖိအားပေးခြိမ်းခြောက်ခဲ့ကြပြီး အလွတ် ဓာတ်ပုံသတင်းထောက် တစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်ဟာ ရန်ကုန်မြို့မှာ သပိတ်လှုပ်ရှားမှု ဓာတ်ပုံရိုက် ကူးချိန် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။