အာဏာသိမ်းတစ်နှစ်ပြည့်နေ့မှာ မြန်မာပြည်သူတွေ အသံတိတ်သပိတ်ဆင်နွှဲ

2022.02.01
အာဏာသိမ်းတစ်နှစ်ပြည့်နေ့မှာ မြန်မာပြည်သူတွေ အသံတိတ်သပိတ်ဆင်နွှဲ စစ်အာဏာသိမ်းတဲ့ တစ်နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်တာကြောင့် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမပေါ်မှာ အသွားအလာရှင်းနေစဥ်
Photo: RFA

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေဟာ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အသံတိတ်သပိတ် ကို ဆင်နွှဲခဲ့ကြပါတယ်။

အသံတိတ်သပိတ်မှာပါဖို့ နှိုးဆော်ခဲ့တဲ့သူတွေကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ခြိမ်းခြောက်ဖမ်းဆီး အရေးယူတာတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် လူထုကအာခံခဲ့တာပါ။

ဒီနေ့မနက်အစောပိုင်းကစပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့နယ်တွေမှာ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ မနက် ၁၀ နာရီကစလို့ နိုင်ငံတဝန်းမှာ အသံတိတ်သပိတ်နဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီက ဖိအားပေးထားလို့ ဈေးဆိုင်တွေ ဖွင့်ထားရပေမယ့် လာဝယ် တဲ့သူတွေ မရှိသလို လမ်းမပေါ်တွေမှာလည်း အသွားအလာ မရှိဘဲ တိတ်ဆိတ်နေတယ်လို့ ကြည့်မြင်တိုင်မြို့နယ်က အိမ်ရှင်မ တစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်ခါတုန်းကတော့ လမ်းပေါ်မှာ ဘယ်သူမှ မရှိဘူး။ ဈေးဆိုင်တွေလည်း မထွက်ကြဘူး၊ ဒီတစ်ခေါက်မှာတော့ ဈေးဆိုင်တွေကို ဖိအားပေးပြီးတော့ ဖွင့်ခိုင်းတယ်။ လက်မှတ်ထိုးပြီး မဖွင့်မနေရ ဖွင့်ရမယ်ဆိုလို့ဖွင့်တယ်။ မနက်က ဈေးဘက်ကိုသွားတော့ ဈေးမှာတော့လူ သုံးလေးငါးယောက် တော့ရှိတယ်။ အခု ကိုးနာရီနောက်ပိုင်းမှာတော့ လမ်းမှာလည်း လူမရှိတော့ဘူး၊ ဈေးဘက်မှာလည်း လူသိပ်မတွေ့တော့ဘူး။ ဈေးဆိုင် တန်းတွေကတော့ အခါတိုင်းပုံစံအတိုင်း ပုံမှန်အတိုင်းဖွင့်နေတယ်။ အန်တီတို့ကတော့ မသွားဘူး ဈေးကို”

အလားတူ မန္တလေးမြို့မှာလည်း အဓိကလမ်းမကြီးတွေမှာ လူအသွားအလာရှင်းနေတာ တွေ့ရပါတယ်။

ဆိုင်တွေ မဖွင့်မနေရဆိုပြီး ဖိအားပေးခံထားရတာကြောင့် အဖြစ်သဘောလောက်သာ ဖွင့်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ပြည်သူတွေက အိမ်အပြင် မထွက်ဘဲ အသံတိတ်သပိတ်မှာ ပါဝင်နေကြတာကြောင့် ဈေးဝယ်သူမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးသပိတ်အင်အားစုကလည်း အသံတိတ်သပိတ်မစခင် မနက်အစောပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ကိုသူရအောင်က ပြောပါတယ်။

“အဓိကကတော့ အာဏာသိမ်းတာ တစ်နှစ်ပြည့်ခဲ့ပြီ။ ဒီနေ့ ဒီအချိန်အထိ စစ်ကောင်စီက ကျွန်တော်တို့ကို လုံးဝအုပ်ချုပ်လို့ မရသေးဘူး။ ပြည်သူလူထုရဲ့ လက်ဝယ်မှာသာ အာ ဏာရှိတယ်။ ပြည်သူ့ ဥပဒေပဲဖြစ်တယ်။ ကျွန်တော်တို့ မြို့ကို ကျွန်တော်တို့ ပိုင်တယ် ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ ငြိမ်ချင်၊ ငြိမ်မယ်၊ လှုပ်ချင်၊ လှုပ်မယ်ဆိုတဲ့အကြောင်း၊ ဒီတော်လှန်ရေးပေါ်မှာထားတဲ့ သစ္စာတရား တစ်နှစ်ပြည့်တဲ့အထိတိုင်အောင် ပျက်ပြား သွားတာ မရှိဘဲ ဆက်လက်ပုန်ကန်နေဆဲဆိုတဲ့ အရာမျိုးတွေ ပြသချင်လို့ အခက်အခဲ ကြားထဲကနေပြီးတော့ ကျွန်တော်တို့ ထွက်လာခဲ့ကြရတာပါ”

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာတော့ အသက် ၄၀ အရွယ် ဦးအောင်အောင် ဆိုတဲ့သူဟာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ကိုယ့်ကိုယ် ကိုယ်မီးရှို့ ဆန္ဒပြခဲ့တဲ့အတွက် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေရပြီး ဆေးရုံမှာ အရေးပေါ်ကုသနေရပါတယ်။

ပြည်သူတွေ မီးမှန်မှန်ရဖို့နဲ့ ၂၀၀၁၊ ၂၀၀၂ ခေတ်ကိုပြန်မသွားချင်ဘူးလို့ ရေးထားတဲ့ စာရွက်ကိုကိုင်ပြီး မီးရှို့ဆန္ဒပြခဲ့တာလို့ ကျောက်ပန်းတောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

“သူက EPC ရုံး မီတာဆောင်တဲ့ ရှေ့တည့်တည့်မှာ ရပ်ပြီးတော့ မီးခြစ် ခြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မီးရှို့လိုက်တဲ့အချိန်မှာ ဖြတ်သွားတဲ့သူတွေက အော်ကြတော့ အကုန်လုံးထွက်ပြေးပြီးတော့ ရေတွေဘာတွေနဲ့ပက် သဲတွေဘာတွေနဲ့ပက်ပေါ့။ ချက်ချင်းပဲ အရေးပေါ်ဌာနတွေကိုခေါ်ပြီးတော့ တင်ပေးလိုက်တာ။ ဖြစ်စဉ်က ဖြစ်သွားတာ သူမီးစလောင်ပြီးတော့ မီးငြှိမ်းပြီးတဲ့အထိဖြစ်တာ သုံးမိနစ်လောက် ပဲရှိတယ်။ ဒါပေမဲ့ ဓာတ်ဆီလောင်းထားတာ တအားများတော့လေ လူက တအားလောင်သွားတာ”

လက်ရှိမှာတော့ ဦးအောင်အောင်ဟာ မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် ကျောက်ပန်းတောင်း ဆေးရုံကနေတဆင့် ညောင်ဦးဆေးရုံကို အရေးပေါ်ပို့ဆောင် ထားရသလို အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"အဓိကကတော့ လူထုတော်လှန်ရေးရဲ့ အရှိန်အဟုန် ဆက်ပြီးတော့မှ မြှင့်တင်ဖို့အတွက်ကိုပဲ ရည်ရွယ်ချင်တာပေါ့လေ"

စစ်ကောင်စီခေါင်းဆောင်တွေနေထိုင်တဲ့ နေပြည်တော်မှာလည်း အရပ်သားပြည်သူတွေက အိမ်တွေမှာ အနေများပြီး တဘက်မှာတော့ စစ်တပ်ထောက်ခံပွဲအနေနဲ့ မြို့ထဲမှာလည်း ကားတွေနဲ့ လှည့်လည်နေတာရှိခဲ့တယ်လို့ နေပြည်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

“နေပြည်တော်ရဲ့အခြေအနေကတော့ ပုံမှန်ထက်တော့ လူတွေအများကြီး နည်းနေ တယ်။ အပြင်ကို ဘယ်သူမှ မထွက်ကြဘူး။ ဆိုင်တွေကတော့ ဖွင့်ထားတယ်။ တချို့ဆိုင် ကျနော်နဲ့သိတဲ့ဆိုင်တွေမှာ ဆိုင်တွေကို စစ်ကောင်စီကနေပြီးတော့ မဖွင့်မနေရဆိုပြီး တော့ လာပြီးတော့ ဖိအားပေးထားတာ ရှိတယ်။ ထွက်တဲ့သူတွေကလည်း စစ်ကောင်စီ ကို ထောက်ခံနေတဲ့သူတွေ အများစုထွက်ကြတယ်။ ဒီမနက်ကလည်း စစ်ကောင်စီ ထောက်ခံရေးဆိုပြီး ထောက်ခံတဲ့သူတွေ အလံတွေကိုင်ပြီး လှည့်နေကြတာတွေ့တယ်”

စစ်ကောင်စီရဲ့ ဝန်ကြီးဌာနရုံးတွေမှာ ပုံမှန် ရုံးတက်၊ ရုံးဆင်းချိန်ကို မနက် ၉ နာရီကနေ ညနေ ၅ နာရီလို့ သတ်မှတ်ထားပေမယ့် ဒီနေ့မှာတော့ မနက် ၁၀ နာရီ ညနေ ၃ နာရီလုပ်ရမယ်ဆိုပြီး ရုံးတွင်းညွှန်ကြားချက်တွေ ထုတ်ထားတယ်လို့ နေပြည်တော်က ရုံးဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ အသံတိတ်သပိတ်တွေအတွက် တန်ပြန်စစ်တပ်ထောက်ခံပွဲလေး တွေ မြို့ကြီးတချို့မှာ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ygn-market.jpg
(စစ်အာဏာသိမ်းတဲ့ တစ်နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်တာကြောင့် လာဝယ်တဲ့သူတွေ မရှိတဲ့ ရန်ကုန်မြို့က ရပ်ကွက်ဈေးတစ်ခုကို ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့က တွေ့ရစဉ်)

ရန်ကုန်မြို့က General Strike Committee (GSC) မြေပြင်သပိတ်ကော်မတီ တာဝန်ရှိသူ ကိုလီယို ကတော့ ပြည်သူတွေရဲ့ တော်လှန်မှု ဆက်ပြီးရှိနေဦးမယ်လို့ ပြောပါတယ်။

"တစ်နှစ်ပြည့်လိုနေ့မျိုးမှာ ကျနော်တို့က ပုံစံမျိုးစုံနဲ့ တော်လှန်နေတယ်ဆိုတဲ့နေရာမှာ အဓိကကတော့ လူထုတော်လှန်ရေးရဲ့ အရှိန်အဟုန် ဆက်ပြီးတော့မှ မြှင့်တင်ဖို့အတွက် ကိုပဲ ရည်ရွယ်ချင်တာပေါ့လေ။ နောက် ဒီဆိုင်းလန့်မှာက အချိန်တစ်ခု ကန့်သတ်ထား တာရှိနေတယ်။ အချိန်တစ်ခု ကန့်သတ်ထားတာ ဖြစ်တာနဲ့အညီ ကျန်တဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုနေ့မျိုးမှာ မငြိမ်ဘူး။ လူထုတော်လှန်ရေးဟာ ဆက်ပြီး တော့ရှိနေတယ်။ ဒီလိုနေ့မျိုးမှာတောင် လူထုက ဆန့်ကျင်တော်လှန်နေတယ်ဆိုတဲ့ ပုံစံမျိုးကို ပြဖို့အတွက်ကို အဓိက ဒီလိုမျိုးလှုပ်ရှား ဖြစ်ကြတာဖြစ်တယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နဲ့ ဒီဇင်ဘာ ၁၀ ရက် နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာ ပြည်သူတွေက လမ်းပေါ်မထွက်ဘဲ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြတာပါ။

အခု တတိယအကြိမ်မြောက် အသံတိတ်သပိတ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ တစ်ပတ် လောက် ကတည်းက ဈေးဆိုင်တွေမပိတ်ဖို့နဲ့ သပိတ်မှာပါရင် ကြီးလေးတဲ့ပုဒ်မတွေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သလို၊ ဖေဖော်ဝါရီ ၁ ရက်ဆိုင်ပိတ် မယ်လို့ အွန်လိုင်းမှာ ကြေညာခဲ့တဲ့သူတွေကို ရန်ကုန်မြို့ အပါအဝင် နေရာတချို့မှာ ဖမ်းဆီးခဲ့တာ၊ ဆိုင်တွေအဓမ္မ ပိတ်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။

RFA က လက်လှမ်းမီသလောက် ရရှိထားတဲ့ အချက်အလက်တွေအရ အသံတိတ်သပိတ်နဲ့ ဆက်နွယ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေ၊ မြို့တွေက လူပေါင်း ၇၀ ကျော် ဖမ်းဆီးခံရသလို ဆိုင်တွေပါ ချိတ်ပိတ်ခံ့ခဲ့ရပါတယ်။

ဒီလိုခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားကပဲ နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ ဒီနေ့ ကျရောက်တဲ့ အာဏာသိမ်းနှစ်ပတ်လည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ် သပိတ်မှာ တညီတညွတ်တည်း ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ညနေ ၄ နာရီမှာတော့ သတ်မှတ်ထားတဲ့ အသံတိတ်သပိတ် ပြီးဆုံးတဲ့အနေနဲ့ ရန်ကုန်မြို့မှာ လက်ခုပ်တီးခဲ့ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။