ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ် တင်းကျပ်စစ်ဆေးနေ

2021.11.25
ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ် တင်းကျပ်စစ်ဆေးနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ကောလင်းမြို့မှာ ၂၀၂၁ မတ် ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမှာရှိတဲ့ ကျောက်တန်းကျေးရွာနဲ့ ငါးကြီးအိုင် ကျေးရွာ ကြားက စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေကို လွန်ခဲ့တဲ့ ငါးရက်လောက်ကစပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်နားက ဘုရားကုန်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ လောက်တပ်စွဲပြီး အခုလို ပြည်သူတွေ သွားလာမှုကို တင်းကျပ်စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေလည်း လုပ်နေတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်ဘောက်စ်တွေလည်း စစ်တယ်။ ကားတွေကိုလည်း စစ်တယ်။ ကုန်တင်ကားတွေ၊ ဆီတင်ကား တွေကနေ တစ်သောင်း၊ ဝက်ကားတွေဆီက သုံးသောင်းတောင်းတယ်။ အရပ်သားကားတွေဆိုလည်း အနည်းဆုံး ငါးထောင်လောက် ပေးရတယ်။ တပ်မ ၈၈၊ ၃၃ နဲ့ ကောလင်းမြို့ခံ ရဲတွေလည်းပါတယ်“

အခုလို တင်းကျပ်စစ်ဆေးမှုကြောင့် စစ်ဆေးရေးဂိတ်အနီးမှာရှိတဲ့ ကျေးရွာတွေက အမျိုးသားတွေက သတိထား သွားလာနေကြရတယ်လို့လည်း ပြောပါတယ်။

ညဘက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်ခတ်နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူတွေကို အသွားအလာ တင်းကျပ်စစ်ဆေးပြီး ငွေကြေးတောင်းခံနေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ဆဲဖြစ်ပါတယ်။

ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ကတော့ စစ်ကောင်စီတပ်သားတွေက အခုလို တင်းကျပ်စစ်ဆေးမှုတွေ ကြောင့် ဂရုစိုက်သွားလာဖို့ သတိပေးထားပါတယ်။

ကောလင်းမြို့ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။