ရွှေဘို စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ၂၄ နာရီအတွင်း ဒေသခံ တစ်ယောက် သေဆုံး

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.09.05
ရွှေဘို စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ၂၄ နာရီအတွင်း ဒေသခံ တစ်ယောက် သေဆုံး ရွှေဘိုမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဧပြီ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စက်တင်ဘာ ၂ ရက်နေ့ည ၈ နာရီလောက်မှာ ရွှေဘိုမြို့ စက်မှုဇုန်ကနေပြန်လာတဲ့ လူငါးယောက်ကို အမှတ် (၄) ရပ်ကွက် တပ်သားစုဆောင်ရေးတပ်ရှေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်ပြီး ရိုက်နှက်နှိပ်စက် ညှဉ်းပန်းတာကြောင့် အဲဒီ ငါးယောက်ထဲက တစ်ယောက် သေဆုံးသွားတယ်လို့ ရွှေဘိုမြို့ခံတွေက ပြောပါ တယ်။

ရိုက်နှက်စစ်ဆေးမှုကြောင့် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတဲ့ သူတို့တွေကို ညတွင်းချင်း ရွှေဘိုဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အဲဒီထဲက အသက် ၃၆ နှစ်အရွယ် လုံးတော်ရွာသား စပါးပွဲစားလုပ်တဲ့ ကိုနိုင်မျိုးဟာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် နောက်နေ့မနက် ၃ နာရီလောက်မှာပဲ သေဆုံးခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ ရွှေဘိုမြို့ခံ တစ်ဦးက ပြောပါတယ်။

“ငါးဦးထဲက သုံးယောက်က ဆေးရုံတင်ရတယ်။ တစ်ယောက်ကကျတော့ လုံးတော်ရွာသားဖြစ်တယ်။ အဲဒီတစ်ယောက်ကကျတော့ ၂ ရက်နေ့မှာ အဖမ်းခံရပြီး ၃ ရက်နေ့မနက်မှာ သေဆုံးသွားတယ်။ သူက စပါးပွဲစားဗျ။ ပိုက်ဆံလည်း သူ့လက်ထဲမှာ သိန်းတစ်ရာလောက်ပါတယ်။ ကလစ်တွေရော၊ ဖုန်းတွေရော အဲဒါတွေရော အကုန်လုံး စစ်ကောင်စီကနေမှ သိမ်းဆည်းထားလိုက်တာ။ ကျန်တဲ့ နှစ်ယောက်ကကျတော့ သူတို့က ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ။ အခြေအနေကတော့ တစ်ယောက်ကတော့ စကားကို ကောင်းကောင်းမပြောနိုင်တော့ဘူး။ တော်တော်ရိုက်နှက်ဒဏ်ရာတွေ ပြင်းထန်တယ်ဗျ။ အခုဒီသေဆုံး သွားတဲ့သူကလည်း ဘာရောဂါမှမရှိဘူးဗျ။ သာမန်လူကောင်းပါပဲ။ စပါးပွဲစား တစ်ဦးပါပဲ”

သေဆုံးသွားတဲ့ ကိုနိုင်မျိုးရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၄ ရက် မနေ့က မနက် ၉ နာရီမှာ သူ့ဇာတိ လုံးတော်ရွာမှာပဲ သင်္ဂြိုလ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

"ကျောတွေမှာ လှန်ကြည့်ခဲ့တယ်၊ ခါးပတ်တွေနဲ့ ရိုက်ထားတာတွေ တွေ့တယ်"

အခုထိ ဆေးရုံမှာ ဆေးကုသခံယူနေရသူတွေဖြစ်တဲ့ ကိုဥက္ကာနဲ့ ကိုဇင်မင်းဦးတို့လည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးက အခုကဘာမှန်းကို မသိသေးဘူးဖြစ်နေတာ စားသမျှအစာလည်း အကုန်ပြန်အန်ထွက် နေတာဗျ။ ကျောတွေမှာ လှန်ကြည့်ခဲ့တယ်၊ ခါးပတ်တွေနဲ့ ရိုက်ထားတာတွေ တွေ့တယ်။ ခါးတွေမှာလည်း ညိုမဲပြီးတော့ စွဲနေတာပဲ။ တအားတွေ ညိုမဲစွဲနေအောင် ရိုက်နှက်ထားတယ်။ မျက်နှာတွေမှာလည်း ပွန်းပဲ့လို့ပဲ။ စိတ်ထဲလည်း မကောင်းဘူး လက်ထိပ်ကြီးနဲ့ ဆေးရုံမှာ ဆေးကုနေရတယ်ဆိုတော့ စိတ်လည်း မချမ်းသာဘူးခင်ဗျ။ ကျနော့် ညီလေးက ဘယ်တုန်းကမှ ဆန္ဒပြတဲ့အထဲတွေမှာလည်း မပါဘူး သာမာန် အရပ်သားပဲ။ ကျနော်တို့ကတော့ အေးအေးဆေးဆေးပဲ ပြီးစေချင်တာပေါ့ဗျာ။ ကျနော်တို့ ညီလေးပဲ အိမ်ပဲပြန်လာစေချင်တာပေါ့ဗျာ။ အခုက ဘာမှအပြစ်မှ လုပ်မထားတာ”

အဖမ်းခံရစဉ်က အကောင်းပကတိရှိပြီး စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရလို့ နောက်နေ့မှာ သေဆုံးခဲ့ရတဲ့ အခုလိုဖြစ်စဉ်တွေကြောင့် ရွှေဘိုမြို့နေဒေသခံတွေ အတော်လေး တုန်လှုပ်ကြရတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေဘိုမြို့မှာ လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ ကဗျာဆရာ ခက်သီ ဆိုတာရှိတယ်ဗျ။ အဲဒီကဗျာဆရာ ခက်သီကို ညခင်းပိုင်းမှာဖမ်းပြီးတော့ မနက်မိုးလင်းတော့ သူ့မိန်းမကို အလောင်းလာထုတ်ပါဆိုပြီးတော့ စစ်ကောင်စီက အကြောင်းကြားတာဗျ။ သူက ဖမ်းသွားတုန်းကလည်း လုံးဝအကောင်းဗျ။ ကျနော်တို့ သူအဖမ်းမခံရခင် နှစ်ရက်သုံးရက်လောက်ကို အပြင်မှာ တွေ့လိုက်သေး တယ်ဗျ စစ်တပ်က ဖမ်းသွားပြီဆိုပြီးတော့မှ ဖမ်းသွားတာလည်း ကျနော်တို့ သိလိုက်တယ်။ ဖမ်းသွားပြီး နောက်ရက်မနက်ကျတော့ အလောင်းလာထုတ်ဆိုတော့ အကုန်လုံး၊ တစ်မြို့လုံး တုန်လှုပ်ရတဲ့ဖြစ်စဉ် မျိုးကြီးဗျ”

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ရွှေဘိုမြို့က ကိုမျိုး၊ မသန်းသန်းဦး၊ မဆွေနဲ့ ကိုစိုးမင်းသိန်းတို့ လေးယောက် ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး သူတို့ကို ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးသလို မိသာစုဝင်တွေနဲ့လည်း အဆက်အသွယ် မရကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကို သတင်းပေးနေသူလို့ စွပ်စွဲခံရတဲ့ ပန်းရံဆရာ ဦးစိုးတင့် သြဂုတ်လ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ရွှေဘိုမြို့ပေါ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်ဆို သလို ပြုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း ရွှေဘိုမြို့ရဲ့ နာမည်ကြီး ကားဝပ်ရှော့လုပ်ငန်းတစ်ခုဖြစ်တဲ့ မျိုးသိန်း ကား ဝပ်ရှော့အိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် ဇနီးမောင်နှံတို့ ဖမ်းဆီးခံခဲ့ရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျေးရွာတချို့တို့ကိုလည်း သြဂုတ်လအတွင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီး နင်းပြီး ရွာသားတွေကို ဖမ်းဆီးတာ၊ သေနတ်နဲ့ပစ်သတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

ရွှေဘိုမှာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုနိုင်မျိုးနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှပြောဆိုတာ မရှိသေးပါဘူး၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်း သိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ စစ်ကိုင်းတိုင်း ကလေးမြို့က သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသားတွေဖြစ်ကြတဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် (ခေါ်) အလီ၊ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင်ဇော်မျိုး (ခေါ်) ကိုအငယ်လေး၊ ပဲခူးတိုင်း ရွှေတောင်မြို့က ကိုအောင်အောင် လွင်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံ၊ ကလေးမြို့က ကိုလန်ခန့်ထန်၊ ရန်ကုန်က ကိုထက်ကိုဦး၊ မြင်းခြံခရိုင် ကျောက်ကန်ရွာက ကိုသက်နိုင်ဦးနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက အသက် ၇၂ နှစ်အရွယ် ဦးကံထောက်နဲ့ အခု ရွှေဘိုမြို့က ကိုနိုင်မျိုး အပါအဝင် စုစုပေါင်း ၄၅ ယောက်ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။