ရွှေဘိုနယ်ထဲက ရွာတွေကို စစ်ကောင်စီ ဝင်စီးနင်းပိတ်ဆို့ထား

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.07.19

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ၇ မိုင်မှာရှိတဲ့ ဆိပ်ခွန်နဲ့ ပလိုင်းဘက်က ရွာတွေကို စစ်ကောင်စီက အင်အားသုံး ဝင်စီးနေတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် လူဦးရေ ၄၀၀၀ လောက်ဟာ ဘေးလွတ်ရာ ရွာနီးချုပ်စပ်တွေ၊ တောတောင်တွေထဲ ထွက်ပြေးနေရတာလို့ဆိုပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ ဆိပ်ခွန်ရွာထဲကို ဝင်လာပြီး ပစ်ခတ်ခဲ့တာကစလို့ ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေရပြီး အဲ့ဒီနောက်ဘေးနားကရွာတွေကိုပါ လိုက်လံပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ခုခံကာကွယ်ရေးတပ် PDF တွေ ရှိနေတယ်ဆိုပြီး သတင်းပေးတိုင်ကြားချက်ကြောင့် စစ်တပ်က ဒီကျေးရွာတွေကို ပိုက်စိတ်တိုက် ရှာနေတာဖြစ်ပါတယ်။

ဆိပ်ခွန်ရွာပစ်ခတ်မှုမှာ အသက် ၂၀ ကျော်အရွယ် ကင်းသမားလေးဦး သေဆုံးခဲ့ရပြီး ခြောက်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

"ဆဲဆိုပြီးတော့ မှောက်ခိုင်းတယ်။ မှောက်ခိုင်းပြီး သေနတ်သံတွေ ဆက်တိုက်ကြားတာ။ ညဘက်ကြီးဆိုတော့ လူတွေကို ပစ်ခတ်လိမ့်မယ်လို့ မထင်ဘူး၊ မထင်ကြမှ လူတွေလဲနေပြီး သေနေတာ သိရတာ"

ဆိပ်ခွန်ရွာသားတွေဖြစ်တဲ့ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနဲ့ ကိုအောင်ဟိန်းကျော် တို့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သူတို့တွေရဲ့ အလောင်းတွေကို စစ်ကောင်စီက လူနာတင်ကားတွေနဲ့ သယ်သွားတယ်လို့ ဆိုပါတယ်။

217062577_1206043049859742_3117938352220164436_n.jpg
ပစ်သတ်ခံခဲ့ရတဲ့ ဆိပ်ခွန်ရွာသားတွေဖြစ်တဲ့ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနဲ့ ကိုအောင်ဟိန်းကျော်။(Photo: Citizen Journlaist)

ဆိပ်ခွန်ရွာ ပစ်ခတ်မှုပြီးတဲ့နောက် ဒေသခံတွေ နီးစပ်ရာရွာတွေကို ပြေးနေတာကြောင့် အဲ့ဒီရွာတွေထိပါ စစ်ကောင်စီတပ်သားတွေက လိုက်ပစ်နေပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ပန်းလှိုင်ရွာထဲရောက်လာပြီး NLD ထောက်ခံအားပေးသူတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က လက်နက်ကြီးတွေနဲ့ထုတာ။ ဆယ်ချက်လောက်ထုတော့ ရွာထဲက အကုန်လုံး ထွက်ပြေးရတာ။ ညနေကြတော့ မီးရှို့တာ။ သုံးအိမ်ပါသွားတယ်။ အဲ့ဒီနောက်ကျနော်တို့လည်း ထွက်ပြေးကြတာ။ အခုကြတော့ တစ်ယောက်မှ ရွာထဲမှာ မရှိတော့ဘူး။ ထွက်ပြေးကုန်ကြတယ်"

ဒီအချိန်ဟာ ကိုဗစ်ကာလဖြစ်တာမို့ တခြားသူတွေရဲ့ အိမ်တွေကို ထွက်ပြေးရတာကလည်း မလွယ်လှဘူးလို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ ရွာနီးချုပ်စပ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေတာလို့လည်း ဆိုပါတယ်။

218935728_143174027928043_7084545971787054626_n.jpg
ပန်းလှိုင်ရွာထဲက NLD ထောက်ခံအားပေးသူတစ်ဦးရဲ့ နေအိမ် ဇူလိုင်လ ၁၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မြင်ကွင်း။(Photo: Citizen Journalist)

"ရွာဘက်ကို သွားတဲ့ ဝင်ပေါက် ထွက်ပေါက်တွေ အကုန်ပိတ်ထားလို့ သွားလို့ လာလို့မရဘူး။စစ်အင်အားက မနေ့ကတော့ ၂၀၀ လောက်ရှိတယ်။ ကျနော်တို့ဘက်က တက်တူရွာကို ပတ်မွေတယ်၊ ကံသာရွာဘက်လည်း ပတ်မွှေတယ်။ ကျနော်တို့ ပလိုင်းကိုတော့ လုံးဝပိတ်ထားတယ်။ ပိတ်ထားတဲ့ရွာတွေထဲမှာ အသက်ကြီးတဲ့ လူကြီးတွေကတော့ ကျန်ခဲ့တယ်။ ပြေးနေသူတွေက အခု ကိုဗစ်ကာလဆိုတော့ နေစရာအိမ်တွေ ဘာတွေက လက်ခံထားဖို့ဆိုတာလည်း တော်တော်ခက်ခဲနေတယ်"

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ သူ့ကို ဆန့်ကျင်တဲ့သူတွေကို အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်ခဲ့တာ လူပေါင်း ၉၂၀ နီးပါး သေဆုံးသွားပြီ ဖြစ်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေကို တွေ့တဲ့နေရာမှာ ဖမ်းဆီးနှိပ်စက်နေသလို သတင်းအလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ပိုခံနေကြရတယ်လို့ ရွှေဘိုက ရွာသားတွေကပြောကြပါတယ်။

ရွှေဘိုကရွာတွေကို စစ်ကောင်စီ တပ်သားတွေ ဝင်စီးနင်းပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။